ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၁၀ ဦး ကျော်သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

0
334
ပုံစာ - ကြာအင်းဆိပ်ကြီးအောင်ပွဲ NUG ထုတ်ပြန် (Photo- MOD)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားတော်လှန်ရေးတပ်မတော် KNLA၊ PDF-9903 မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဒု-ဗိုလ်မှူးကြီးအဆင့် (တပ်ရင်းမှူး) အပါအဝင် ၁၀ ဦးကျော် သေဆုံးပြီး ၇ ဦးကျော် ဒဏ်ရာရခဲ့သည်ဟု NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာသို့ စစ်ကြောင်းထိုး ချီတက်လာသည့် စစ်ကောင်စီတပ်မ (၄၄)၊ တပ်မ (၂၂) နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) အပါအဝင် အင်အား ၇၀ ခန့်ကို KNLA နှင့် PDF 9903 နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းပြီးပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ၏ စက်တင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နှစ်ဖက်တပ်အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခွဲတွင် တိုက်ပွဲပြီးဆုံးခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးသည် စနိုက်ဘာကျည်ထိမှန် သေဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တော်လှန်ရေးဘက်က ဒရုန်းစစ်ဆင်ရေးတွေမှာရော၊ စနိုင်ပါလက်ဖြောင့်သမားတွေရော တိုးတက်လာကြတာ တွေ့ရတယ်။ ကရင်နီနဲ့ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေတိုင်းလိုလို စကစဘက်က အလူးအလဲခံနေရတယ်။ အလင်းဝင်လာသူတွေလည်း များနေပြီ။ မကြာတော့ပါဘူး ဒီတော်လှန်ရေးကြီးက အနိုင်နဲ့ပြီးဖို့အတွက်က” ဟု CDM စစ်တပ်အရာရှိတစ်ဦးက သုံးသပ်ပြောသည်။

စစ်ကောင်စီဘက်က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အပြင် အဘစ်ရွာဘက်မှနေ၍လည်း (၁၂၂) မမ ဟောင်ဝစ်ဇာလက်နက်ကြီး ၅ လုံးနှင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

PDF 9903 နဂါးနီစစ်ကြောင်းမှ ရဲဘော်တစ်ဦးလည်း အဆိုပါတိုက်ပွဲအတွင်း သေဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာ ၁၄ ရက်နေ့မှာပင် ကော့ကရိတ်မြို့နယ်ထဲမှ စစ်ကောင်စီတပ်၏ ရေတလျောက် စခန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here