တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပြည်သူ့စစ် (ဒေသအခေါ်) ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ပျူစောထီးအင်အား ၂၀ နီးပါး တပ်စွဲနေထိုင်နေသော အဆိုပါစခန်းကို အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းတွင် တနင်္သာရီ (ပကဖ)၊ အရိပ်ပြောက်ကျားတပ်ဖွဲ့ ပုလော(ပကဖ) နှင့် ကျွန်းစု (ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။
စီးနင်းမှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်ပြီးနောက် ပျူစောထီးအဖွဲ့များက စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ပြောပါသည်။
ပျုစောထီးစခန်း စီးနင်းခံရမှုကြောင့် အောက်တိုဘာ ၂၅ ရက်နေ့တွင် မြိတ်မြို့မှ စစ်ကူလာသည့် စစ်ကားသုံးစီးကို တောင်ပုကျေးရွာ တံတားအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း တနင်္သာရီမြို့နယ် (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
တဆက်တည်းမှာပင် ယင်းနေ့ နေ့လည် ၁၁ နာရီခန့်ကလည်း တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာအနီးတွင် စစ်ကောင်စီ အမှတ်(၃၀၆) အမြောက်တပ်မှ အင်အား ၁၀ ဦး လိုက်လာသော ကားတစ်စီးကို ထပ်မံခြုံခိုတိုက်ခိုက် ခဲ့သည်ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးအင်အားစုများက လာမယ့်ပွင်းလင်ရာသီက စပြီး တနင်္သာရီတိုင်းအတွင်း ပြင်းထန်သည့် စစ်ဆင်ရေးများကြောင့် တိုက်ပွဲများ ပိုပြင်းထန်လာနိုင်ပြီး ပြည်သူများအနေနှင့် အထူးသတိထား သွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်များက အသိပေးတိုက်တွန်းထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။