တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦး သေဆုံးပြီး ပျူစောထီး ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်အင်အားစုတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် မင်းဂုတ်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးများ တပ်စွဲထားသည့် စခန်းများကို တော်လှန်ရေးအင်အားစုတို့က ဝင်ရောက်တိုက်ခိုက်ခဲသည်ဟု ဆိုသည်။
အချိန် ၄ နာရီနီးပါး ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေသလို အနီးအနားရှိ ကျေးရွာများက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွတ်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦး သေဆုံးပြီး ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ဦး ဖမ်းဆီးရမိခဲ့သလို တော်လှန်ရေးအင်အားစု များဘက်က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းဂုတ်၊ မောင်းလှော်နှင့် ရတောင် ကျေးရွာတို့က ဒေသခံ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တော်လှန်ရေးအင်အားစုများ၏ ပြောဆိုမှုအရ မင်းဂုတ် ကျေးရွာအပါအဝင် အဆိုပါဒေသရှိ ကျေးရွာများသည် ဗျူစောထီးအားကောင်းသည့် ကျေးရွာများလည်းဖြစ်သည်ဟု ဆိုသည်။
ကျွန်းစုမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က မဲစနစ်ဖြင့် စစ်မှုမထမ်းမနေရ ဖိအားပေးခိုင်းစေမှုတွေ ရှိနေခြင်းကြောင့် ဒေသခံပြည်သူများဟာ နီးစပ်ရာကျေးရွာများနှင့် ဆွေမျိုးများထံ သွားရောက်ပုန်းရှောင် နေရသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီအလိုကျ လိုက်ပါဆောင်ရွက်နေသည့် ပျူစောထီးတွေအပြင် စစ်ကောင်စီနှင့် ဆက်စပ်နေသော စစ်ရေး၊ အုပ်ချုပ်ရေး ပစ်မှတ်များကို ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ပူပေါင်းစစ်ကြောင်း ၂ ဖြစ်သည့် မြိတ်ခရိုင်တပ်ရင်း (၂ )၊ တပ်ခွဲ (၂)၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ် ပကဖနှင့် တနင်္သာရီမြို့နယ် ပကဖ တို့အပြင် ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်လကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာသလို မြို့သိမ်းတိုက်ပွဲ သတင်းများကြောင့် စစ်ကောင်စီဘက်က ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်းလည်း သိရပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။