သျှမ်းပြည်၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ကျေးရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အား ဖြန့်ကျက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ယခုမတ်လ ပထမပတ်အတွင်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ- (၁)၊ ခမရ-၅၀၁/၅၀၂ နှင့် အမြောက်တပ်များမှ စစ်ကောင်စီတပ်သား အများအပြားသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်အင်အား ဖြန့်ကျက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။
“မနက်ဆိုရင် ကျောက်မဲမြို့အဝင် မုခ်ဦးနား အမြောက်တပ်ထဲက လမ်းလျှောက်ထွက်လာကြတာ၊ မနေ့ကလည်း လျှောက်တယ်။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ ဆက်တိုက်သွားနေတာ။ တရက်ကို အင်အား ၁၀၀ လောက်တော့ ရှိမယ်။ စခန်းသာနဲ့ ခိုမုန်းကြားထဲမှာ တွေ့တာ။ လက်နက်နဲ့ ရေဘူးတွေပဲပါတာ တွေ့တယ်” ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက်မဲမြို့မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းများကို စခန်းသာနှင့် ခိုမုန်းကျေးရွာ အကြားတွင် တွေ့ခဲ့ရပြီး ယင်းစစ်ကြောင်းနောက်တွင် အိမ်စီးကား ၃/၄ စီးမှာ ဖြေးဖြေးချင်း ကပ်လိုက်လာပြီး စစ်ကားများမဟုတ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“ကျောက်မဲဘက်ကနေ နောင်ပိန်ဘက်ကို သွားတာ၊ တချို့ပြောတာလဲ ခိုအုံနားကနေ လှည့်ပြန်လာတယ်လို့ ပြောတယ်။ အရင်ရက် သွားတုန်းကတော့ အများကြီးသွားတယ်၊ တခါသွားရင် ၅၀ လောက် ရှိမယ်။ ၂ ခေါက် သွားတာ။ ပြန်လာတဲ့အချိန် ၁၀ ယောက်၊ ၁၅ ယောက်လောက်ပဲ ပြန်လှည့်လာတာ တွေ့တယ်။ ဘယ်ဘက်ကို ဦးတည်သွားလဲတော့ မပြောတတ်ဘူး” ဟု ကျောက်မဲမြို့ဒေသခံ အဆိုပါအမျိုးသားက ဆက်ပြောသည်။
အလားတူ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မိုင်းရယ်မြို့မှ တဆင့် သီပေါမြို့သို့ ဦးတည်၍ မိုင်းရယ်-သီပေါ လမ်းမကြီးအတိုင်း မောင်းနှင်သွားသည့် စစ်ကောင်စီတပ်သားများ အပြည့်လိုက်ပါစီးနင်းသည့် ၁၂ ဘီးကား အစီးရေ ၂၀ ကျော်ကိုလည်း တွေ့ခဲ့ရကြောင်း မိုင်းရယ်မြို့ ဒေသခံများပြောဆိုမှုအရ သိရသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၂၀၂၃ ဒီဇင်ဘာလက TNLA တပ်ဖွဲ့မှ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၎င်းမြို့များတွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ကန့်သတ်ချက်များကို ရုတ်သိမ်းကြောင်း TNLA တပ်ဖွဲ့က မတ်လ ၆ ရက်တွင် ကြေညာခဲ့သည်။
သို့သော် မတ်လ ၄ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် မာရှယ်လောတွင် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ် တို့သာ ပါဝင်ပြီး လက်ရှိစစ်အင်အား ဖြည့်တင်းနေသည့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို လွှမ်းခြုံ သက်ရောက်ခြင်းမရှိပေ။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ TNLA တပ်ဖွဲ့ စခန်းချ တပ်စွဲထားသည့် နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင် လက်မှတ်ရေးထိုးခဲ့သည့် “ဟိုင်ဂင် သဘောတူညီချက်” ကို စစ်ကောင်စီတပ်က ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့သည်ဟု TNLA တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။