27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်ဖြူ ၃၂ တပ်ရင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား လက်နက်ချ

ကျောက်ဖြူ ၃၂ တပ်ရင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား လက်နက်ချ

အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ် (၃၂) ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့်လက်နက်ချသူ အများအပြားရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

အမှတ် (၃၂) ရဲတပ်ရင်းကို AA က ဇွန်လ အစောပိုင်းမှစ၍ တရွ့ရွေ့ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဇွန် ၁၄ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီကျဆုံးကာ ၃၀ ထက်မနည်းကို AA က ဖမ်းဆီးရမိထားကြောင်း မြေပြင်စစ်ရေး အခြေအနေသိရှိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက ဇွန် ၉ ရက်နေ့လောက်ကနေ တောက်လျောက်ပြင်းထန်နေတယ်။ တပ်တော် (AA) ဘက်ကတော့ စစ်ကူတွေလာမယ့်လမ်းကိုပါ ဖြတ်တောက်စစ်ဆင်ရေး လုပ်ထားတယ်။ ဒီရက်တွေထဲမှာ စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင်တဲ့လူရော ဖမ်းဆီးရမိတဲ့ စစ်သုံးပန့်ရောဆို အယောက် ၃၀ ထက်မနည်းရှိမယ်” ဟု ၎င်းက ပြောသည်။

အမှတ် (၃၂) ရဲတပ်ရင်းထဲကို စစ်ကောင်စီက မေလကုန်ပိုင်းမှစ၍ တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ထက်မနည်း ဖြည့်တင်းထားပြီး ဓညဝတီရေတပ်ဘက်မှ စစ်ကြောင်းတကြောင်း၊ တရုတ်စီမံကိန်းရှိရာ မလကျွန်းနှင့် အုန်းတောရွာကြား၌ စစ်ကြောင်းတကြောင်းနှင့် ရန်ကုန် – ကျောက်ဖြူကားလမ်းမှ စစ်ကြောင်းတကြောင်းစီဖြင့် ဝိုင်းကူတိုက်ခိုက်နေခြင်း ဖြစ်သည်။

အလားတူ စစ်ကောင်စီ စစ်သင်္ဘောများနှင့် လေကြောင်းမှ ပစ်ကူအပါအဝင် ဂုံးချိန်ကျေးရွာတွင် အခြေစိုက်ထားသော စစ်ကောင်စီ ခမရ (၅၄၂)၊ ခမရ (၅၄၃) တပ်ရင်းများကလည်း လက်နက်ကြီးများပစ်ခတ်၍ ခုခံနေသည်။

“သူတို့ (စစ်ကောင်စီ) ပစ်တဲ့ လက်နက်ကြီးတွေရော၊ တပ်တော်ကပစ်တဲ့ လက်နက်ကြီးတွေရော အဲဒီရဲတပ်ရင်းထဲမှာ ကျပေါက်ကွဲလို့ အထဲမှာရှိတဲ့ အချုပ်ခန်း၊ ခန်းမဆောင်၊ နားနေဆောင်စတဲ့ အဆောက်အအုံတွေကတော့ တော်တော်လေးကိုပျက်စီးသွားပြီလို့ သိရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

အမှတ် (၃၂) ရဲတပ်ရင်းသည် ပေ ၂၀၀ ခန့်မြင့်သော ဒေသအခေါ် ဒိုးတန်းတောင်ပေါ်တွင်ရှိကာ ၄ ဖာလုံခန့် ပတ်ပတ်လည်ကို အုတ်တံတိုင်းကာရံ၍ ဝန်ထမ်းအိမ်ရာ၊ နားနေဆောင်၊ အစည်းအဝေးခန်းမ၊ ဧည့်ရိပ်သာ၊ ယာဉ်ရပ်နားဂိုတောင် စသည့် အဆောက်အအုံ ၁၀ ကျော်ဖြင့် တည်ဆောက်ထားသည်။

အဆိုပါ (၃၂) ရဲတပ်ရင်းမှ ခမရ (၅၄၂)၊ ခမရ (၅၄၃) စစ်တပ်ရင်းရှိရာ ဂုံးချွိန်ရွာကို ၄ မိုင်ခန့်၊ ဓညဝတီရေတပ် ဌာနချုပ်ကို ၇ မိုင်ခန့်နှင့် ကျောက်ဖြူမြို့နှင့် (အဖြောင့်မိုင်) ၄ မိုင်ခန့်သာကွာသဖြင့် စစ်ရေးအရ အရေးပါသော နေရာလည်း ဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။