16 ဧပြီ 2025 /

See today's Peace Related News

သတင်းကျောက်ဖြူ၊ ပြင်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးနီးပါးသေဆုံး

ကျောက်ဖြူ၊ ပြင်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးနီးပါးသေဆုံး


ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြင်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ် တို့ထံက သိရသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုင်နယ်၊ ပြင်ရှည်ကျေးရွာ အနီးဝန်းကျင်သို့ ဧပြီ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် AA တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးကာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်း ရမိထားသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အယောက် ၂၀ လောက်တော့ သေတယ်။ အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရမိတယ်။ ကျန်တဲ့အလောင်းတွေကို သူတို့တွေ သယ်သွားတယ်” ဟု ၎င်းက ပြောသည်။

ပြင်ရှည်ကျေးရွာတွင် ယခင်က စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီးနောက် AA က သိမ်းပိုက်ထားရာ စစ်ကောင်စီက ပြန်လည်စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဧပြီလ အစကတည်းက ပြင်ရှည်နားမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ AA က သိမ်းလိုက်လို့ ပြန်ပြီးစစ်ကြောင်းထိုးလာတာ” ဟု ၎င်းက ပြောသည်။

ပြင်ရှည်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်အင်အား ၁၅၀ နေထိုင်ခဲ့သည့် စခန်းနေရာများကို AA က ဧပြီ ၁ ရက်နေ့ ညဉ့်အချိန်က သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ပြင်ရှည်ရွာသစ်အနီးရှိ ရေမျက်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်၏ နောက်ဆုံးလက်ကျန်မြို့ သုံးမြို့ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့အနက် ကျောက်ဖြူတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း သိရသည်။

ကျန်နှစ်မြို့အနက် စစ်တွေမြို့တွင် တိုက်ပွဲရပ်တန့်နေသော်လည်း စစ်ကောင်စီ၏ တပ်ရင်းများက AA ထိန်းချုပ်ထားသည့် မြို့နယ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက အလုံးစုံထိန်းချုပ်ထားသည့် မာန်အောင်မြို့နယ်တွင် ပစ်ခတ်မှု တစုံတရာမရှိကြောင်း ဒေသခံတို့ထံက စုံစမ်းသိရသည်။

နိရဉ္စရာ ပေးပို့သည်။