ကျောက်ဖြူရှိ မွတ်ဆလင်ဒုက္ခသည်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပြီး စစ်မြေပြင်သို့ပို့ဆောင်

0
249
ပုံစာ - ကျောက်တစ်လုံးဒုက္ခသည်စခန်း (Photo - APM)

ရခိုင်ပြည်၊ ကျောက်ဖြူမြိုနယ်၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ခံရသည့် မွတ်ဆလင်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ စတင်ပို့ဆောင်နေကြောင်း မွတ်ဆလင်များထံမှ သိရသည်။

မွတ်ဆလင်ဒုက္ခသည် အယောက် ၅၀ ခန့်ကို မတ်လ ၂၈ ရက်တွင် ကျောက်ဖြူမြိုနယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသော မလကျွန်း၊ ပြိုင်းစေ့ကေ၊ သစ်ပုတ်တောင်စသည့် နေရာများသို့ ပို့ဆောင်ခဲ့ကြောင်း မွတ်ဆလင်များက ပြောသည်။

“ဒီနေ့ မနက် (မတ်လ ၂၈ ရက်) ၉ နာရီလောက်မှာ အမှတ်- ၅၄၂ တပ်ရင်းကနေ မွတ်ဆလင်ဒုက္ခသည်တွေကို ကားတွေနဲ့ ခေါ်သွားတာ။ ပြီးတော့ စစ်မကြာခဏဖြစ်နေတဲ့ မြို့အပြင်က နေရာတွေနဲ့ မြို့ပေါ်က အထိုင်ချ ကင်းစခန်းတွေကို လူခွဲပြီးတော့ ပိုလိုက်တယ်လို့ သိရတယ်” ဟု ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ထွက်ပြေးနေသူ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

မလကျွန်း၊ ပြိုင်းစေ့ကေနှင့် သစ်ပုတ်တောင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှု (၄) ကြိမ်ထက်မနည်းရှိခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆလင် ၁၀၀ ကျော်ကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးပြီး ကျောက်ဖြူနယ်မြေ စစ်တပ်ရင်း (၃၄) တွင် စစ်သင်တန်း (၁) လခန့် ပေးပြီးနောက် စစ်မြေပြင်သို အသုတ်လိုက် ပို့ဆောင်နေခြင်း ဖြစ်သည်။

“ကျနော်တို့ ထွက်ပြေးလွတ်မြောက်လာတော့ စခန်းမှာရှိတဲ့ အမျိုးသား ၁၀၀ ကျော်ဟာ ဖမ်းဆီးနှိပ်စက်တာတွေကို ခံရတယ်။ အဲဒီထဲက သန်သန်မာမာမှန်သမျှကို အတင်းအကြပ် စစ်မှုထမ်းခိုင်းပြီး အခုဆိုရင် စစ်ရေးတင်းမှာနေတဲ့ နေရာတွေကိုပါ ပို့ဆောင်လာတာမျိုးဖြစ်တယ်” ဟု ကျောက်တစ်လုံးစခန်းမှ ထွက်ပြေးနေသူ မွတ်ဆလင် နောက်တစ်ဦးက ပြောသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ခန့်မှာ စစ်မှုမထမ်းလို၍ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ နယ်မြေများတွင် ထွက်ပြေးခိုလှုံလျက်ရှိသည်။

ထိုကြောင့် ထွက်ပြေးနေသူများ ပြန်လာခြင်းမရှိလျှင် ပြည်နှင်ဒဏ်ပေးပြီး ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကိုလည်း ဖမ်းဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်ဟုဆိုသည်။

စစ်မြေပြင်ရောက် မွတ်ဆလင်များအနေဖြင့် ထွက်ပြေးရန်ကြိုးပမ်းပါက ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို သတ်ဖြတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်ဟုလည်း မွတ်ဆလင်များက ပြောဆိုသည်။

စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူ၏ မိသားစုဝင်တစ်ဦးက “ကျနော်တို့မှာ ငြင်းပယ်ခွင့်မရှိဘူး။ ကျနော်တိုရဲ့ မိသားစုတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာမှာဆိုတော့ အကျဉ်းအကြပ်ထဲကို ရောက်နေကြရတာ။ ဒီလို အနိုင်ကျင့် နှိပ်စက်ခံရမှုတွေကနေ အမြန်ဆုံး လွတ်မြောက်ချင်ပြီ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ဒေသအတွင်း စစ်ရှုံးနေသောစစ်ကောင်စီသည် မွတ်ဆလင်များကို အတင်းအကြပ် စစ်မှုထမ်းခိုင်းပြီး စစ်မြေပြင်သို့ ပိုဆောင်နေသည့်အပြင် ရခိုင်နှင့်မွတ်ဆလင်ကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်မှုများ လုပ်ဆောင်နေကြောင်း နှစ်ဖက်အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။

ရခိုင်ပြည်သူများအနေဖြင့်လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေသော စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲသို သက်ဆင်းမသွားစေရန် သတိထားစောင့်ကြည့်ကြဖို AA က တိုက်တွန်းထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here