
ရခိုင်ပြည်တွင် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) က စခန်းသိမ်းတိုက်ပွဲများ စတင်လာတာကြောင့် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့ရှိ ရဲစခန်း ၃ ခုမှ ရဲတပ်ဖွဲ့ဝင်များသည် မိသားစုများနှင့်အတူ အထုတ်အပိုးများသိမ်း၍ ကားများဖြင့် ထွက်ပြေးသွားကြောင်း ဒေသခံများကပြောသည်။
ထွက်ပြေးကြသည့် ရဲစခန်းများမှာ ကျောက်ဖြူမြို့နယ်မှ စနဲမြို့မရဲစခန်း၊ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုစခန်းနှင့် ကျောက်ချောင်းတိုက်နယ်မှ အောင်လှပြင်ကျေးရွာ ရဲစခန်းတို့ ဖြစ်ကြသည်။
ကျောက်ဖြူခရိုင်၊ စနဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများသည် နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် အထုတ်အပိုးများသိမ်းဆည်းပြီး ကားတစ်စီးဖြင့် ကျောက်ဖြူမြို့သို့ ထွက်ပြေးသွားကြကြောင်း စနဲဒေသခံ တစ်ဦးက ပြောသည်။
“စနဲရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မိသားစုတွေဟာ ဒီနေ့မနက်ပိုင်းက ကျောက်ဖြူမြို့ဘက်ကို ထွက်သွားကြတယ်ဗျ။ ကျောက်တင်တဲ့ တေဘာကားတစ်စီးနဲ့ အထုတ်အပိုးတွေတင်ပြီးတော့ ထွက်သွားကြတာ။ အခု စနဲရဲစခန်းမှာ တစ်ယောက်မှမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ရဲစခန်းမှထွက်ပြေးသွားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများသည် ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်း ရဲခစခန်းသို့ ရောက်လာခဲ့ကြကာ ဇင်ချောင်းရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် မှာလည်း ၎င်းတို့နှင့်အတူ ကျောက်ဖြူမြို့ဘက်သို့ အတူလိုက်ပါသွားကြောင်း ဇင်ချောင်းဒေသခံတစ်ဦးက ပြောသည်။
“ဇင်ချောင်း ရဲစခန်းနဲ့ စကစ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ လောက်ဟာ ကျောက်ဖြူကို ထွက်သွားပါပြီ။ စနဲကလာတဲ့ တေဘာကားကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်ထပ် ဇင်ချောင်းက ကား ၂ စီးကို ချောဆွဲပြီးတော့ စစ်ကား ၃ စီးရယ်၊ စုစုပေါင်း ၅ စီးနဲ့ ကျောက်ဖြူမြို့ပေါ် ထွက်သွားတာပါ” ဟု ဇင်ချောင်းဒေသခံက ဆိုသည်။
ထို့အပြင် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုကျေးရွာနှင့် ကျောက်ချောင်းတိုက်နယ်မှ အောင်လှပြင် ကျေးရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့များသည်လည်း ကား ၂ စီးဖြင့် ကျောက်ဖြူမြို့ဘက်သို့ ထွက်ပြေး သွားကြကြောင်း ဒေသခံများက ပြောသည်။
“လေးတောင်တိုက်နယ်၊ သရက်ချိုနဲ့ အောင်လှပြင်ကရဲတွေလည်း ဒိုင်နာကားနဲ့ ထွက်သွားကြတယ်။ ကား၂ စီးမှာ မိန်းမတွေရော၊ ကလေးတွေပါ အပြည့်ပါကြတယ်။ ကားနောက်ဖက်မှာတော့ အရပ်ဝတ်တွေနဲ့ သေနတ်ကို မောင်းတင်ပြီးတော့ ဟိုကြည့်ဒီကြည့် ကြည့်ပြီးတော့ သွားကြတာ မြင်လိုက်ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ကျောက်တော်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် အင်အား ၂၆ ဦးရှိသည့် အပေါက်ဝနယ်မြေ ရဲစခန်းတစ်ခုလုံးသည်လည်း နိုဝင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီဝန်းကျင်က လက်နက်အပြည့်အစုံဖြင့် AA ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ အပေါက်ဝရဲခစန်းကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ချလျှင်ချ မချလျှင် တိုက်မည်ဟု ပြောကြားခဲ့ရာ အပေါက်ဝ ရဲစခန်းတစ်ခုလုံးမှ ရဲတပ်ဖွဲ့ ၂၆ ဦးသည် လက်နက်ခဲယမ်းများအပ်ကာ AA ထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“စခန်းက တစ်ခါတည်းတန်း ထွက်လာပြီးတော့ AA ဆီမှာ လက်နက်အပ်တယ်။ စခန်းက မိသားစုဝင်တွေရော အကုန်လုံးပါသွားတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပေါက်၀ ရဲစခန်းသည် ကျောက်တော်မြို့နယ်တောင်ပိုင်းနှင့် ၁၀ မိုင်ခန့်အကွာ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိသည်။
နိရဉ္စရာ ပေးပို့သည်။