ကျောက်ဖြူတွင် တပ်တွင်းပြဿနာဖြစ်ပွားလို့ စစ်ကောင်စီတပ်သား ၃ ဦး လက်လွန်ပြီး သေဆုံး

0
293

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ခြေမြန်တပ်ရင်း – ၅၄၂ တွင် တပ်တွင်းပြဿနာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦး လက်လွန်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက်က အချင်းချင်း ထိုးကြိတ်သတ်ပုတ်ရင်း လက်လွန်ပြီး သေဆုံးခြင်းဖြစ်သည်ဟု တပ်နှင့်နီးစပ်သူ တစ်ဦးက အခုလို ပြောသည်။

“သူတို့မှာ အချင်းချင်း ထိုးကြိတ်ကြရာကနေ ပထမတစ်ယောက် သေတယ်။ နောက်ထပ် နှစ်ယောက် ထပ်သေတော့ စုစုပေါင်း ၃ ယောက် ဖြစ်တယ်။ သေနတ်နဲ့ပစ်တာ မဟုတ်ဘဲ ထိုးကြ ကြိတ်ကြရင်းနဲ့ လက်လွန် သွားလို့ သေသွားပုံပါပဲ” ဟု ၎င်းက ဆိုသည်။

ထွက်ပေါ်နေသည့် သတင်းများတွင် တပ်ထဲမှ အရာရှိများ၏ ထိုးကြိတ်မှုကြောင့် သေဆုံးသွားသည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။

သေဆုံးသွားသူ စစ်သား ၃ ဦး အနက် ဇူလိုင် ၂ ရက် ညဉ့်အစောပိုင်း ၁ နာရီခန့်တွင် ကျောက်ဖြူဆေးရုံကြီးသို့ အလောင်းတစ်လောင်း ရောက်ရှိလာပြီး ယင်းနေ့ နံနက် ၆ နာရီခန့်တွင် နောက်ထပ် အလောင်းနှစ်လောင်း ထပ်မံ ရောက်ရှိလာသည့်အတွက် စုစုပေါင်း ၃ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

“ဇူလိုင် ၁ ရက် ညဉ့်မှာ ပြဿနာ ဖြစ်ကြတယ်။ အဲဒီညဉ့် ဇူလိုင် ၂ ရက် မနက်အစောကြီးမှာ အလောင်း တစ်လောင်း စရောက်တယ်။ မနက်မှာ နောက်ထပ် နှစ်လောင်းထပ်ရောက်တယ်။ ခမရ အမှတ် ၅၄၂ တပ်ရင်းမှာ အချင်းချင်း ရိုက်သတ်မှုဖြစ်တာလို့တော့ သိရတယ်။ အသေးစိတ်တော့ မသိရပါဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

သေဆုံးသူ စစ်ကောင်စီတပ်သားများ၏ အမည်နှင့် ရာထူးများကို သီးခြားစုံစမ်း၍ မရရှိသေးပါ။

ရခိုင်တွင် တာဝန်ကျနေသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအကြား မကြာခဏ ခိုက်ရန်ဖြစ်ပွားမှု၊ တပ်ထဲက ထွက်ပြေးမှုများ ဖြစ်ပေါ်နေပြီး ရာထူအလိုက် အထက်အောက် လေးစားလိုက်နာမှုလည်း လွန်စွာ အားနည်း လာသည်ဟု တပ်နှင့်နီးစပ်သူများက ပြောသည်။

ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များလည်း မကြာခဏ တပ်စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

ယခုကဲ့သို့ တပ်တွင်းထွက်ပြေးမှု မြင့်တက်လာခြင်းမှာ တပ်တွင်း သဘောထား ကွဲလွဲမှုများ ပိုမို ပြင်းထန်လာ၍ ဖြစ်သည်ဟု အမည်မဖော်လိုသည့် ရခိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

“ဒါက ဘယ်လိုပြောမလဲ ။ အခုလို ကြီးနိုင်ငယ်ညှင်း အသတ်ခံ၊ အနှိပ်စက် ခံရတာတွေ နောက်ပြီး သဘောထား ကွဲလွဲမှုတွေ ပိုပြင်းထန်လာလို့ ဖြစ်ရတာ။ ဒီတော့ သူတို့တွေဟာ စွန့်စားပြီး ထွက်ပြေးမှု ပိုများလာတယ်လို့ မြင်တယ်။ မပြေးလည်း သူတို့အတွက် သိပ်မထူးတဲ့ အနေအထားလို့ ပြောရမှာပေါ့” ဟု ၎င်းက ဆိုသည်။

မောင်တောမြို့နယ် နခခ(၇) လက်အောက်ခံ နယ်မြေ (၅) ငခူရ နယ်ခြားစောင့် ရဲစခန်းတွင် တရားခံတစ်ဦး ထွက်ပြေးသွားသည့် ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၃ ရက်က စခန်းမှူး၊ အမှုစစ် အရာရှိတစ်ဦးနှင့် ဗိုလ်တစ်ဦးတို့ တပ်ကို စွန့်ခွါ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here