ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများက ဒေသခံများအပေါ် ဆိုးရွားစွာခြိမ်းခြောက်လာနေသည်ဟု ၎င်းတို့က ပြောဆိုကြသည်။
ကျောက်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဒေသခံများ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရမှုများ တိုးလာနေကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။
စက်တင်ဘာ ၂၇ ရက်နေ့က ကျောက်ဖြူမြို့၊ အုန်းတောကျေးရွာမှ အသက် (၂၄) နှစ်အရွယ် ကိုမောင်မောင်သည် အဖော် ၃ ဦးနှင့်အတူ ဒေသအခေါ် (သစ်ပုပ်ရမြတ်ဂျိုင်) သို့ မျှစ်ချိုးရန်သွားစဉ် အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု ဆိုသည်။
အုန်းတောကျေးရွာမှ အမျိုးသမီးတစ်ဦးက “ခါးအောက်ကနေ ပြတ်ထွက်သွားတာ ခြေထောက်နှစ်ဘက်စလုံး ပြတ်သွားတယ်။ ကျောက်ဖြူဆေးရုံကိုတော့ ၄ နာရီလောက်မှ ပို့နိုင်တယ်။ ဒါပေမဲ့ ဒဏ်ရာပြင်းထန်တာကြောင့် လမ်းမှာဆုံးသွားတာပါ” ဟု ပြောသည်။
အဆိုပါ သစ်ပုတ်ရမြတ်ဂျိုင်သည် အမှတ် ၃၂ ရဲတပ်ရင်း အနီးတွင်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီက မိုင်းများထောင်ထားမှုရှိကြောင်း ဒေသခံများက ပြောသည်။
“အဲဒီ သစ်ပုတ်ရမြတ်နဲ့ ရဲတပ်ရင်းကြားမှာ စစ်တပ်က မကြာမကြာ မိုင်းလာထောင်တာရှိတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ရဲတပ်ရင်းအနားက ဒိုးတန်တောင်ပေါ်မှာ စစ်သားတွေ မိုင်းထောင်နေကြတာကို တွေ့ခဲ့တယ်” ဟု အနီးနားဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၇ ရက်ကလည်း ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်မှ အမျိုးသမီးတစ်ဦးသည် မြို့အစွန်အောင်စေတီ ကျေးရွာအနီးရှိ ဒေသအခေါ် (ငကာကျောက်ကာရီ) တွင် ဟင်းခူးနေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့ရှိ တပ်ရင်း၊ စခန်းများ၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် အနီးတဝိုက်တွင် မိုင်းထောင်ထားမှု အများအပြား ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
“ကျောက်ဖြူဒေသဟာ တိုက်ပွဲပြင်းထန်တာ မရှိသေးပေမဲ့ မိုင်းအန္တရာယ်ကတော့ အရမ်းစိုးရိမ်နေရတယ်။ အဓိက ကျောက်ဖြူမြို့ကို AA ဝင်တိုက်လာရင် ကာကွယ်လို့ စစ်ကောင်စီက မိုင်းတွေထောင်ထားတာ နေရာတိုင်းပဲ။ တော်တော်များတယ်။ ဒီအထဲမှာ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရာမှာ ထိခိုက် ဒဏ်ရာရတာ များလာတယ်” ဟု ကျောက်ဖြူဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။
ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၃ နိုဝင်ဘာလကစပြီး ကျောက်ဖြူမြိုနယ်ရှိ အောင်စေတီ၊ စိုင်ခြုံ၊ အုန်းတော၊ ကုလာဘာ၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင် ကျေးရွာတို့တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦးအထိ ရှိလာနေသည်။
လက်ရှိ ကျောက်ဖြူမြို့ပေါ်နှင့် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များကို AA က ပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေသည့် အနေအထားရှိသော်လည်း တရုတ်စီမံကိန်းတည်ရှိသဖြင့် နှစ်ဘက်စလုံးက တိုက်ပွဲဖော်ဆောင်ရန် အကန့်အသတ်များလည်းရှိနေကြောင်း ကျောက်ဖြူဒေသခံတချို့က သုံးသပ်ပြောနေကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။