28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်ဖြူတိုက်ပွဲအတွင်း စစ်သင်တန်းဆင်းမွတ်ဆလင်များနှင့် ပြည်သူ့စစ်များပါ သေဆုံးမှုရှိ

ကျောက်ဖြူတိုက်ပွဲအတွင်း စစ်သင်တန်းဆင်းမွတ်ဆလင်များနှင့် ပြည်သူ့စစ်များပါ သေဆုံးမှုရှိ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တိုက်ပွဲအတွင်း ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ရေးကျွမ်းကျင်မှုမရှိသည့် စစ်သင်တန်းဆင်း မွတ်ဆလင်များနှင့် ပြည်သူ့စစ်မှုထမ်းများပါ အသုံးချထည့်သွင်းတိုက်ခိုက်နေခြင်းကြောင့် ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရှိရသည်။



ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများတွင် ၄၅ ရက် စစ်သင်တန်းဆင်းထားသည့် ကျောက်တလုံးစစ်ဆေးရေးဂိတ်မှ မွတ်ဆလင်များကိုသာမက စစ်တွေမြို့မှ ပြည်သူ့စစ်သင်တန်းဆင်း မွတ်ဆလင်လူငယ်များကိုပါ ကျောက်ဖြူစစ်မြေပြင်သို့ ပို့ဆောင်အသုံးပြုတိုက်ခိုက်မှုများရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျောက်ဖြူတိုက်ပွဲမှာ ဘာစစ်ရေးအတွေ့အကြုံမှမရှိတဲ့ မွတ်ဆလင်တွေနဲ့ ပြည်သူ့စစ်သင်တန်းဆင်းတွေ ဒီလထဲမှာ သေတာပိုများတယ်။ စစ်သင်တန်းဆင်းမွတ်ဆလင်တွေက ကျောက်ဖြူကသာမက စစ်တွေက စစ်ကူပို့တဲ့သူတွေလည်းပါတယ်။ စစ်ရေးလည်း ကျွမ်းကျင်မှုမရှိဘဲ စစ်တပ်က ဖိအားပေးပြီး ရှေ့တန်းမှာတိုက်ခိုင်းတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတိုက်ပွဲများအတွင်း မွတ်ဆလင်စစ်သင်တန်းဆင်းများ၏ အလောင်းတချို့ကိုတွေ့ရှိရသလို ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထွက်ဆိုချက်အရ ယခု ကျောက်ဖြူစစ်ပွဲတွင် မွတ်ဆလင်စစ်မှုထမ်းများကို အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီသည် ဒဏ်ရာရသူတပ်သားများအား ရန်ကုန်၊ စစ်တွေနှင့် ကျောက်ဖြူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း မွတ်ဆလင်စစ်သားများကို သတင်းပေါက်ကြားမည်စိုးရိမ်၍ တပ်တွင်းနှင့် ကျောက်တလုံးဂိတ်တို့တွင် လျှို့ဝှက်စွာ ကုသပေးနေသည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်ကဒဏ်ရာရရင် ကျောက်ဖြူဆေးရုံနဲ့ စစ်တွေ၊ ရန်ကုန် ဆေးရုံမှာကုတယ်။ မွတ်ဆလင်တွေကိုကြတော့ စစ်ကောင်စီက မြို့ပေါ်တွေနဲ့ ရန်ကုန်မှာ ကုသခွင့်မပေးဘူး။ မွတ်ဆလင်တွေကို အသုံးပြုတယ်ဆိုတာကို ပြည်သူတွေသိမှာ သူတို့ကြောက်တယ်။ စစ်သက်တမ်းနုတဲ့သူကို အတင်းအဓမ္မခိုင်းလို့ သေတာကို ကမ္ဘာကမြင်မှာ ကြောက်တယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့သော် လက်ရှိ၌ ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းတွင် လက်နက်ကိုင်စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များကို လုံခြုံရေးအစောင့်ချထားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ မွတ်ဆလင်စစ်သားတွေကို ကျောက်တလုံးကယ်ဆယ်ရေးစခန်းအနီးတွင် မြှုပ်နှံပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း အဆိုပါ ကျောက်တလုံးစခန်းမှာသာကမ စစ်ကောင်စီတပ်ရင်းတွေနဲ့ ကျောက်တလုံးဂိတ်မှာ စစ်တပ်က တိတ်တဆိတ်ဆေး လာကုပေးနေတာတွေရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မွတ်ဆလင်စစ်သင်တန်းဆင်းများ ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီက အသုံးပြုနေမှုနှင့်ပတ်သက်၍ အာရက္ခတပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားသော်လည်း တစုံတရာ တုံ့ပြန်ဖြေကြားမှု မရှိသေးပါ။

ဗိုလ်ရာဇာဦးဆောင်သည့် ရခိုင်တပ်မတော် စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ဦးခိုင်တင်တင်မောင်က “စစ်ကောင်စီဟာ နည်းလမ်းမျိုးစုံနဲ့ ပြည်မဘက်ကလူငယ်တွေကို စစ်သားသစ်စုဆောင်းတယ်။ ရခိုင်ပြည်ထဲက သူတို့ထိန်းချုပ်ထားတဲ့နေရာတွေက မွတ်ဆလင်လူငယ်တွေကို စုဆောင်းတယ်။ ပြီးတော့ ရှေ့တန်းစစ်မြေပြင်ကိုပို့တယ်။ သူတို့က စစ်ရေးကို မပြောနဲ့။ သင်တန်းတောင် ကောင်းကောင်းပြည့်၀အောင် တက်ရတာမဟုတ်ဘူး။ ဒီလိုလုပ်ရပ်ဟာ စစ်ဗိုလ်ချုပ်တွေ လူကြီးတွေက သက်သက် သူတို့လွတ်မြောက်ဖို့အတွက် ထိုးကျွေးနေတာ” ဟု သုံးသပ်ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ လူငယ်အမျိုးသား ၁၀၇ ဦးကို  စစ်သင်တန်းပေးရန် စစ်တပ်ဗျူဟာမှူးကိုယ်တိုင် လာရောက်ပြီးအတင်း အဓမ္မ စာရင်းကောက်ယူသွားပြီး လက်ရှိ၌ စစ်မျက်နှာပြင်တွင် အသုံးပြုလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။