တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျေးရွာ ၈ ရွာက နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒေသခံတို့ထံက စုံစမ်းသိရသည်။
မှတ်တမ်းပြုစုကောက်ယူထားသည့် စာရင်းများအရ ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၁၅ ရက်အထိ ကျောက်ဖြူမြို့ရှိ ဦးကင်း၊ ကြတ္တိန်၊ ရှောက်ချောင်း၊ ကပ်သပြေ၊ ကြံချိုင်၊ ထောင့်ချောင်း၊ ပြင်ရှည်နှင့် ကုလာဘာ ကျေးရွာတို့မှ နေအိမ် ၅၂၄ အိမ်ထက်မနည်း ပျက်စီးခဲ့ခြင်းဖြစ်သည်။
ဦးကင်းကျေးရွာသားတစ်ဦးက “နေအိမ်အများစုကတော့ ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချလို့ မီးကူးစက်ရာကနေတဆင့် ပြာကျပျက်စီးသွားတာတွေ များပါတယ်။ လက်နက်ကြီးနဲ့ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်လည်း ပျက်စီးသွားတဲ့အိမ်တွေရှိတယ်။ အဓိကကတော့ စစ်တပ် (စစ်ကောင်စီ) ဟာ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လို့ ခုလိုဆုံးရှုံးရတာပါ” ဟု ပြောသည်။
ကောက်ယူမှတ်တမ်းပြုထားသည့် စာရင်းများအရ ဦးကင်းကျေးရွာတွင် နေအိမ် ၁၈၀ ဆောင်၊ ကြတ္တိန်ကျေးရွာ တွင် ၁၇၄ ဆောင်၊ ရှောက်ချောင်းကျေးရွာတွင် ၁၂၀ ဆောင်၊ ကြံချိုင်ကျေးရွာတွင် ၁၈ ဆောင်၊ ကပ်သပြေကျေးရွာ တွင် ၁၅ ဆောင်၊ ထောင့်ချောင်းကျေးရွာတွင် ၁၃ ဆောင်၊ ပြင်ရှည်ကျေးရွာတွင် ၂ ဆောင်နှင့် ကုလာဘာကျေးရွာတွင် ၂ ဆောင်တို့ မီးလောင်ပျက်စီးခဲ့သည်။
အဆိုပါကျေးရွာသားများမှာ လက်ရှိတွင် နေရပ်ကိုစွန့်ခွာ၍ ဆွေမျိုးများရှိရာ အခြားကျေးရွာများနှင့် ULA/ AA က စီစဉ်ပေးထားသောနေရာတို့တွင် နေထိုင်နေကြပြီး နေထိုင်စားသောက်ရေးတွင် အခက်အခဲများရှိနေကြောင်း သိရသည်။
“တိုက်ပွဲကြား ဗြုန်းစားကြီးထွက်ပြေးခဲ့ရတာဆိုတော့ တသက်လုံးရှာဖွေစုဆောင်းထားသမျှ ပစ္စည်းတွေရော၊ ရိတ်သိမ်းထားတဲ့ ဆန်၊ စပါးတွေရော အကုန်လုံးကအိမ်မှာကျန်ခဲ့တာ။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေက မီးလောင်တဲ့အထဲ အားလုံးပါသွားတော့ အခုစားဝတ်နေရေးအတွက် အရမ်းဒုက္ခရောက်တယ်” ဟု ကြတ္တိန် ကျေးရွာသားတစ်ဦးက ပြောသည်။
ကျောက်ဖြူတွင် စစ်ကောင်စီ၏လုပ်ရပ်ကြောင့် နေအိမ်များပျက်စီးခဲ့ရသော ကျေးရွာများအပြင် နှမ်းဖဲတောင်၊ ပြိုင်းစေ့ကေ၊ ကန္ဒီး၊ မင်းတပ်တောင်၊ ဝါးတော၊ မအူတော၊ ကုလာဘာတောင်ကြီး စသည့် ကျေးရွာ၂၀ ခန့်က ဒေသခံ ၂၄,၀၀၀ ကျော်သည်လည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာ၊ နှမ်းဖဲတောင်ကျေးရွာနှင့် ပြင်ရှည်ကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
တဖက်တွင်လည်း တိုက်ပွဲဧရိယာ မဟုတ်သော ဆင်ဘုတ်၊ မင်းပြင်နှင့် ဇင်ချောင်းကျေးရွာများကိုပါ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတို့ထံက သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။