ကျောက်ဖြူက စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

0
171

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးကို ဧပြီ ၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ယာယီစစ်ဘေးတိမ်းရှောင်နေသည့် နေရာမှ မိမိကျေးရွာရှိနေအိမ်သို့ ပြန်လာသည့် အသက် (၃၂) နှစ်အရွယ် ဦးဝေတင်အောင်ကို အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းဝင်ရောက်၍ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

စည်မော်ကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာကလူတွေက စစ်ဖြစ်မှာကိုစိုးရိမ်လို့ အခြားကျေးရွာတွေမှာ စစ်ရှောင် နေကြတာ။ ဒါပေမယ့် အိမ်မှာ လုပ်စရာ၊ ကိုင်စရာတွေရှိတဲ့လူတချို့က ခဏတဖြုတ် ကိုယ့်အိမ်ကို ပြန်တာမျိုးတွေ ရှိတယ်။ ဝေတင်အောင်လည်း အဲဒီလို ရွာကိုခဏသွားတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာ” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ စည်မော်၊ ကံချိုင်၊ ဇိုင်ချောင်း၊ သိုင်းချောင်း၊ အူချေ၊ ကုလားဘာ စသည့် ကျေးရွာများမှ ဒေသခံများသည် မတ်လ ၁၄ ရက်က ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

လက်ရှိ၌ ဦးဝေတင်အောင်ကို ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်တွင် ထိန်းသိမ်းထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဦးဝေတင်အောင်သည် ကြုံရာကျပန်းအလုပ်ဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေသူဖြစ်ပြီး စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရကြောင်း ဇနီးဖြစ်သူဒေါ်သန်းခင်ရွှေက ပြောသည်။

“ကျမတို့မှာ ကလေး ၅ ယောက် ရှိတယ်။ အခု မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုရုန်းကန်ရမယ်ဆိုတာ ကိုတောင် မတွေးတတ်တော့ဘူး” ဟု ဒေါ်ခင်သန်းရွှေက ပြောသည်။

စည်မော်ကျေးရွာသည် ဓညဝတီရေတပ်ဌာနချုပ်နှင့် တစ်မိုင်ခန့်သာကွာဝေးပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ယင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သား ၄၇၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here