ကျောက်ထုမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး

0
280
ပုံစာ - ကျောက်ထုအမြောက်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီး ခဲ့သည် (Photo - CJ)

မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ကျောက်ထုမှ စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ကျောက်ထုအမြောက်တပ်မှ ကျောက်ထုတိုက်နယ် ယောမြို့ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာအတွင်း လက်နက်ကြီး ၈ လုံး ဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောသည်။

လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ဒေသခံတစ်ဦးဖြစ်သော ဦးမောင်မောင် အသက် (၅၆) နှစ်သည် နေရာမှာတင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဦးခေါင်းရှပ်ထိခဲ့သလို နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲမရှိဘဲ ပြည်သူတွေကို ဦးတည်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါရွာမှာ PDF ရဲဘော်များ မရှိနေကြောင်း သိရှိသလို ရွာဘုရားကုန်းကိုလည်း လာရောက်ခဲ့ကြဖူးတယ်လို့ ယောအလင်းတန်းက ကိုအောင်ကြီးဆိုသူက ပြောသည်။

ဒါ့အပြင် ပြည်သူများနေထိုင်သည့် ကျေးရွာထဲကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာဟာ ၃ ကြိမ်လောက်ရှိနေပြီ ဖြစ်တယ်လို့လည်း ၎င်းက ဆက်ပြောသည်။

ယောမြို့ကျေးရွာက PDF တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ခိုက်နေတာဖြစ်သလို ကျောက်ထု လေယာဉ်ကွင်းကို လာရောက်တိုက်ခိုက်မှာ စိုးရိမ်နေတဲ့အတွက် အခုလို ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ကျောက်ထုအမြောက်တပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာနေ ရွာသားအများစုဟာ စစ်ရှောင်နေပေမယ့် လူနည်းစု ကျန်ရှိနေသေးတာလည်း ဖြစ်သည်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုများကြောင့် ကျောက်ထုတိုက်နယ်အတွင်း အရပ်သား ၁၀ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိထားပြီး သေဆံးသူ ၅ ဦးအထိ ရှိနေပြီ ဖြစ်တယ်လို့ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here