တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဘန်ချောင်းဒေသအခြေစိုက် ကျောက်ထုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရသည်။
တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်သည့် ယင်းကျောက်ထုစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ များက ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည် ၃ နာရီခွဲ အချိန်ခန့်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့ရာမှာ ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်မှာ စခန်းတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲဟာ အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းထဲမှာ ပထမဆုံး စခန်းသိမ်းပိုက်နိုင်မှု လည်း ဖြစ်သလို နောက်ထပ်မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမယ်လို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) က အသိပေးထားကြောင်း သိရသည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် ၁၈ လက် အပါအဝင် ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ကျောက်ထု စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA တပ်မဟာ ၄ (တပ်ရင်း ၁၂)၊ KNLA တပ်မဟာ ၆ (တပ်ရင်း ၂၇) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်တွေဖြစ်တဲ့ ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်း၊ ဒေါင်းမင်းစစ်ကြောင်း (ပကဖ) ပူးပေါင်းတပ်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်ထုစခန်းသည် စစ်ကောင်စီရဲ့ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၇၃) ခြေမြန်တပ်ရင်းမှ ၁၉၉၈ ခုနှစ်ကတည်းက ခြေကုတ်ယူတပ်စွဲနေထိုင်နေသည့် ရှေ့တန်းစခန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။