ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းနှင့် ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်အတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ကျောက်တော်မြို့ကို ဧပြီ ၄ ရက် ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၄ ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
မျက်မြင်ကြုံတွေခဲ့ရသည့် ကျောက်တော်ဒေသခံတစ်ဦးက “သေသွားတဲ့ကောင်လေးက ပထမတကြိမ် ဗုံးကြဲတုန်းက မထိသေးဘူး။ ဒုတိယတကြိမ်မှာ သူကဆိုင်ကယ်နဲ့ သွားနေချိန်မှာ ထိသွားတာ။ ခြေထောက်နဲ့ ရင်ဘက်တွေမှာ ထိသွားတာ။ ဆိုင်ကယ်ကိုရပ်၊ မြေပေါ်မှာလဲချလိုက်ပြီး ခဏအကြာမှာဆုံးသွားတာ” ဟု ပြောသည်။
ယင်းသို့လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားများ ထိခိုက်သေဆုံးသွားသဖြင့် ဗုံးကြဲခံရသောနေရာမှ ဒေသခံများသည် စိုးရိမ်ထိတ်လန့်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂ ဦးမှာ အသက် (၁၄) နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ အသက် (၁၆) နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး၊ အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး၊ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
ရခိုင်ဒေသတွင် စစ်ရေးအရ ရှုံးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့ရွာရပ်ကွက်များကို လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူဦးရေမှာ တနေ့ထက်တနေ့ တိုးလာနေသည်။
“စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို ရည်ရွယ်ရှိရှိ တိုက်ခိုက်နေလို့ ကျနော်တို့ ပြည်သူတွေ တော်တော်ဒုက္ခရောက်ကြရတယ်။ သေဆုံးတာတွေလည်း နေ့တိုင်းလိုလို တွေ့ရတယ်။ ဘယ်အချိန် လာပစ်မလဲဆိုပြီးတော့ ကြောက်လန့်စိတ်တွေနဲ့ နေနေရတယ်” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
မှတ်တမ်းပြု ကောက်ယူထားသောစာရင်းအရ ရခိုင်တွင် မတ်လအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၅၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၂ ဦး အထိ ရှိနေသည်။ (မြေပြင်အခြေအနေတွင် ယခုထက် ပိုများနိုင်ပါသည်။)
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများမှာ လေးလကျော်ထိ ကြာမြင့်လာပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။
လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အပါအဝင် မောင်တော၊ ဘူးသီးတောင်၊ မြေပုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကြီး (၅) ခုကို AA က စစ်အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။