ကျောက်တော်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်ကို နေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

0
337
ပုံစာ - ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ စစ်ဘေးရှောင်တချို့။

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ကို အသိပေးလာကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ယနေ့ (ဩဂုတ် ၃၀ ရက်နေ) နံနက် ၈ နာရီခန့်က စစ်ကောင်စီတပ်သားများအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၅၀ ခန့်က ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာနှင့် နေပူခံ စစ်ဘေးရှောင်စခန်းများ သို့ လာရောက်ပြီး စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ရေးအတွက် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ဘယ်နေ့ ပြန်ရမယ်လို့တော့ မပြောခဲ့ဘူး။ သူတို့က စစ်ဘေးရှောင်အိမ်ထောင်စု ငါးရာကျော် နေရပ်ပြန်နိုင်ရေး စီစဉ်နေတယ်လို့ ပြောတယ်။ အဲဒီအိမ်ထောင်စု ငါးရာကျော်က ဘယ်စခန်းက အိမ်ထောင်စုတွေပါတယ် ဆိုတာကို ခွဲပြီးတော့ မပြောဘူး” ဟု ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ မခိုင်အေးညွန့်က ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ညွန့်ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် တင်းမ၊ ဝက်မကျ၊ လောင်းရှည်၊ အောက်မွန်ထောင့် နှင့် ပလက်ဝမြို့နယ် ပွီးချောင်းဝ၊ နှမဒါ၊ ကြက်ယက်ကိုင်း၊ အထက်မွန်ထောင့် ကျေးရွာတို့မှ လူဦးရေ ၁,၀၆၈ ဦး နေထိုင်လျက် ရှိသည်။

နေရပ်ပြန်ပို့မည့် စစ်ဘေးရှောင်အိမ်ထောင်စု တစ်စုလျှင် လမ်းစရိတ် ၁ သိန်း၊ ထောက်ပံ့ငွေ ၅ သိန်းနှင့် အခြား အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

နေပူခံစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်အေးစောက “စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ သူတို့က ဆောင်ရွက်နေတာ ရှိတယ်လို့ ပြောတယ်။ အိမ်ထောင်စုငါးရာကျော်က ကုလားတန်မြစ် အနောက်ဘက်ကမ်းက ကျေးရွာတွေ ပါတယ်လို့ ပြောပါတယ်။ အရှေ့ဘက်ကမ်းမှာရှိတဲ့ တင်းမရွာတို့ မပါသေးဘူး” ဟု ဆိုသည်။

ကုလားတန်မြစ် အနောက်ဘက်ကမ်းမှ စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ မီးဝ၊ ဂြင့်ခါးစေ့၊ လောင်းရှည်၊ ကွမ်းဇွဲ၊ အောက်မွန်ထောင့်၊ အောင်သာယာ၊ သံပရာထောင့်၊ ဒက်ဖြူ စသည့် ကျေးရွာများဖြစ်ပြီး ၎င်းဒေသခံများ၏ လယ်ယာနှင့် ဥယျဉ်ခြံမြေများမှာ ကုလားတန်မြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိသည်ဟု ဆိုသည်။

ထို့အခြေအနေကြောင့် စစ်ဘေးရှောင်များ နေရပ်သို့ ပြန်ရောက်ရှိသွားချိန်တွင် ကုလားတန်မြစ် အရှေ့ဘက်ကမ်း သို့ သွားရောက်ပြီး လုပ်ကိုင်စားသောက်ခွင့် မရမည်ကို စိုးရိမ်မှုများ ရှိနေကြသည်ဟု ယင်းဒေသမှ စစ်ဘေးရှောင်များက ပြောသည်။

“နေရပ်ကိုတော့ လူတိုင်းပြန်ချင်တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်တယ်။ တိုက်ပွဲပြန်ဖြစ်ရင် ထပ်ပြေးရမှာကို မလိုချင်ဘူး။ အနောက်ဘက်ကမ်းက လူတွေမှာ လယ်ယာ၊ ဥယာဉ်တွေက အကုန်လုံး အရှေ့ဘက်ကမ်းမှာ ရှိတာဆိုတော့ အဲဒီဘက်ကို သွားခွင့်မရမှာကို စိုးတယ်။ အဲဒါကြောင့် နေရပ်ပြန်ဖို့ကို စဉ်းစားနေရတယ်” ဟု မီးဝကျေးရွာခံ စစ်ဘေးရှောင် ကိုစိုးဝင်းနိုင်က ပြောသည်။

နေပူခံစစ်ဘေးရှောင်စခန်းကို NLD အစိုးရ လက်ထက်က ဆောက်လုပ်ပေးထားခြင်း ဖြစ်ပြီး ကျောက်တော် မြို့နယ်၊ တင်းမ၊ ပြိုင်းတိုင်း အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ လူဦးရေ ၂,၀၀၀ ကျော် ခိုလှုံနေထိုင်လျှက် ရှိကြသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝ ဒေသတို့တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ ကျော် ရှိနေသေးကြောင်း UNHCR စာရင်းတွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးသည့် အကြောင်းအရင်းများမှာ ကျေးရွာအတွင်းနှင့် အနီးအနားတွင် လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားခြင်း၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ခြင်း၊ မိုင်းအန္တရာယ် စိုးရိမ်မှုတို့ အပြင် လုံခြုံမှု အာမခံချက် မရှိခြင်းတို့ကြောင့် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ လူသားချင်းစာနာမှုကို အခြေခံ၍ အပစ်အခတ် ရပ်စဲပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် တချို့ကို စစ်ကောင်စီက တာဝန်ယူ၊ တာဝန်ခံမှု မရှိဘဲ နေရပ်သို့ ပြန်ပို့ခဲ့သဖြင့် နေရပ်ပြန်သူများမှာ စားဝတ်နေရေး၊ လုပ်ကိုင်စားသောက်ရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here