28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီလေကြောင်းနှင့် ဗုံးကြဲလို့ အမျိုးသမီးငယ်တစ်ဦးသေဆုံး

ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီလေကြောင်းနှင့် ဗုံးကြဲလို့ အမျိုးသမီးငယ်တစ်ဦးသေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီလေတပ်က မေလ ၁၄ ရက် ညနေပိုင်းတွင် လေကြောင်းမှ ဗုံးတစ်လုံးလာကြဲခဲ့သည့်အတွက် အရပ်သားအမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

မေလ ၁၄ ရက်၊ ညနေ ၃ နာရီ ၅၁ မိနစ်တွင် စစ်ကောင်စီ၏ဂျက်ဖိုက်တာတစ်စီးက ကျောက်တော်မြို့၊ ရွှေကျောင်းအနောက်ဘက်ရှိ တောင်ဘက်စု ရွာမရပ်ကွက်သို့ ဗုံးတစ်လုံးလာကြဲချခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ကြဲချခဲ့မှုကြောင့် အမျိုးသမီးငယ်တစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသွားသည့် အမျိုးသားနှစ်ဦးကိုလည်း ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့သည့် မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“သေသွားတဲ့ ကလေးမလေးက အသက် ၁၀ ကျော်လောက် ခန့်မှန်းရတယ်။ ရစရာမရှိအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တာ။ အသားစအစအနတွေ ပြန့်ကြဲသွားတယ်။ ဘယ်သူ့သားသမီးဆိုတာတော့ မသိရသေးဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

ထိခိုက်ဒဏ်ရာရသူ နောက်ထပ်လည်း ရှိနိုင်သေးသည်ဟု ၎င်းက ဆက်ပြောသည်။

ကျည်စထိမှန်၍ နေအိမ် ၁၀ ကျော်လည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ကျောက်တော်မြို့ကို ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နှင့် ၁၃ ရက်တို့ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းဖြစ်စဥ် နှစ်ခုအတွင်း အပြစ်မဲ့အရပ်သား အမျိုးသားတစ်ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

စစ်ကောင်စီသည် မေလ ၁၃ ရက်၊ နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး လာကြဲချခဲ့သည့်အတွက် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။