ကျောက်ကြီး၊ နတ်သံကွင်းတွင် ကျန်းမာရေးဝန်ထမ်းနည်းပါးလို့ အရေးပေါ်ကုသမှုလိုအပ်သည့် လူနာများ အခက်အခဲကြုံနေရ

0
525
ပုံစာ- မုန်းနှင့် ကျောက်ကြီးလမ်းဆုံတွင် ပြည်သူများကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးဖမ်းဆီးနေစဉ် (Photo – KNU/ ပုံဟောင်းဖြစ်သည်)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် ပြီးခဲ့သည့် ဇွန်လပိုင်းက မြို့တွင်းတိုက်ပွဲများဖြစ်ပွားပြီး နောက်ပိုင်း ကျန်းမာရေးဝန်ထမ်း နည်းပါးသွားသဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်သည့်လူနာများ အခြားမြို့များသို့ သွားလာရေး ခက်ခဲသည့်ကြားမှ သွားရောက်ကုသမှု ခံယူနေရကြောင်း ဒေသခံများက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့သည့် ဇွန်လဆန်းပိုင်းက တိုက်ပွဲများတွင် နတ်သံကွင်းမြို့အတွင်းသို့ စစ်ကောင်စီမှလေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရာတွင် ဆေးရုံရှိ တာဝန်ကျ ဆရာ၊ ဆရာမ များပါ ထွက်ပြေးကြတာကြောင့် အရေးပေါ် ဆေးကုသမှု အတွက် အခက်အခဲရှိလာရသည်ဟု မြို့ခံများက ပြောသည်။

အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်လာပါက နီးစပ်ရာ အခြားမြို့များသို့ သွားရောက်၍ ကုသမှု ခံယူနေရသည်ဟု မြို့ခံအမျိုးသားတစ်ဦးက အခုလို ပြောပြသည်။

“နတ်သံကွင်းတိုက်ပွဲ ပြီးကတည်းက ဆေးရုံမှာ ဆရာဝန်တွေ မရှိဘူး၊ သူနာပြုပဲ ရှိတယ်။ တချို့က CDM ပေါ့၊ တချို့ကတော့ လစာမဲ့ခွင့်တင်ပြီး ပြေးကြတာ။ အဲဒီတော့ အရေးပေါ်လူနာတွေဆိုရင် ပဲနွယ်ကုန်းဘက် သွားတယ်၊ တချို့ တတ်နိုင်တဲ့သူကျတော့ တောင်ငူတို့ ဖြူးတို့ဘက်ကို သွားကြတယ်” ဟု ၎င်း ပြောသည်။

ထိုသို့ ဆေးကုသမှုခံယူရန် သွားလာရာတွင်လည်း နတ်သံကွင်းမှ ပဲနွယ်ကုန်း တလျှောက်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းများမှ အစစ်အဆေးများ များပြားခြင်းကြောင့် ဆေးကုသမှု နှောင့်နှေးသည့် ပြဿနာများ တွေ့ကြုံ နေရကြောင်းနှင့် ပဲနွယ်ကုန်းမှ ကြို့ပင်ကောက်သို့ သွားသည့်လမ်းပိုင်းသည် မိုးတွင်းကာလ ဖြစ်သည့် အလျောက် လမ်းရေကျော် ပျက်စီးမှုရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် အဆင်မပြေကြောင်း ဒေသခံများ ၏ ပြောဆိုမှုအရ သိရသည်။

ဒေသခံတစ်ဦးက “မိုးတွင်းဆိုတော့ လမ်းကလည်း ပျက်၊ ရွာတွေဘက်ကနေ သွားဖို့ကလည်း လမ်းပိတ် ထားတော့ အဆင်မပြေဘူး။ လှေနဲ့ကူးဖို့ ကျ ကူးတို့ဆိပ်တွေကို ကျန်းမာရေး၊ စားသောက်ရေး အရေးပေါ် အတွက်ဆို ဖြတ်လို့ ရတယ်ဆိုပြီး နောက်ကျတော့ လုံခြုံရေး အခြေအနေကြောင့် ပိတ်ထားပြန်ရော ရေလဲရွာ ကနေ ကူးပြီး ကုမယ်ဆိုရင်လည်း ကြို့ပင်ကောက်ကို ရောက်ဖို့က ခြေကျင်လျှောက်ရတယ် သက်ကြီးပိုင်း တွေ၊ အရေးပေါ် လူနာတွေဆိုရင် တော်တော်အခက်အခဲ ရှိတယ်” ဟု ဆိုသည်။

ငွေကြေးတတ်နိုင်သူ ဒေသခံများမှာ နတ်သံကွင်းမြို့မှ အခြားနီးစပ်ရာ မြို့များသို့ သွားရောက်နေထိုင် ကြကြောင်းနှင့် ရွှေ့ပြောင်းရန် အခက်အခဲရှိသော ဒေသခံများသာ မြို့အတွင်း ကျန်ရှိ၍ တစ်မြို့လုံး၏ အဝင်အထွက်များကို စစ်ကောင်စီက ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က မြို့တွင်းနေ ပြည်သူများ၏ နေအိမ်များသို့ ဝင်ရောက်၍ စစ်ဆေးရှာဖွေခြင်း၊ တစ်အိမ်တက် တစ်အိမ်ဆင်း ဧည့်စာရင်း စစ်ဆေးခြင်းနှင့် မသင်္ကာဖွယ်ရာ တွေ့ရှိပါက ဖမ်းဆီးထောင်ချခြင်း တို့ကိုလည်း ပြီးခဲ့သည့်လပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့ကြရာမှာ လက်ရှိအချိန်ထိ နိုင်ငံရေးနှင့် ပတ်သက်သော မသင်္ကာမှုဖြင့် နယ်မြေရဲစခန်းအတွင်း ထိန်းသိမ်းခံထားရသူများ ရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ဆေးဝါးနှင့် စားနပ်ရိက္ခာ အများအပြား သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသလို လမ်းပိုင်းသို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို သိမ်းဆည်း၍ ငွေဖြင့် ပြန်လာရွေးခိုင်းခြင်း၊ စားနပ်ရိက္ခာ သိမ်းယူခြင်းများကို လုပ်ဆောင်နေကြသည်ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here