ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာသို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့နှင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးနှင့်ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁ ရက်နေ့ မနက်ပိုင်းက အင်းနက်ရွာအတွင်း စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး ညနေပိုင်းတွင်လည်း Y8 အမျိုးအစား ဒရုန်းဖြင့် ထပ်မံပစ်ခတ်ခဲ့ရာတွင် ဒေသခံပိုင်နေအိမ်ရှေ့ ကျရောက်ပြီး အမျိုးသား ၁ ဦးနှင့် အသက် (၃) နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အင်းနက်ရွာနေထိုင်သူတို့က ပြောဆိုသည်။
အင်းနက်ရွာနေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက “ဒရုန်းကျတဲ့အိမ်အရှေ့ဘက်မှာရှိနေတဲ့ ဦးသောင်းမြင့်နဲ့ သူ့မြေးကောင်လေးကို ထိတာ၊ ကလေးက ခြေထောက်ကိုထိတယ်၊ သူ့ဒဏ်ရာပြင်းတော့ လောလောဆယ် ဆေးရုံပို့ထားရတယ်။ ဖြတ်ရမလားတောင်မသိဘူး” ဟု ပြောသည်။
အလားတူ မတ်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ဆင်မတောင်အခြေစိုက် လက်နက်ကြီးစခန်းကုန်းနှင့် နတ်သံကွင်းတပ်စခန်းတို့ကနေ အင်းနက်ရွာအတွင်းကို လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့သေးသည်ဟု အင်းမရွာနေထိုင်သူများ ပြောပြချက်အရ သိရသည်။
အင်းနက်ရွာနေ အမျိုးသားတစ်ဦးက “မနေ့ (မတ်လ ၃ ရက်) က ည ၈ နာရီလောက်က လက်နက်ကြီး ၃ လုံး အင်းနက်ထဲကိုပစ်တယ်။ နောက် ၁၀ နာရီဝန်းကျင်လောက်ကလည်း ၁ လုံးထပ်ပစ်တယ်။ သူ့နားက ရွာတွေကို လည်းကျတယ်။ ကျောက်ကြီးကရော နတ်သံကွင်းဘက်ကရောပစ်တာ။ ဒီမနက်တော့ငြိမ်နေသေးတယ်” ဟု ပြောသည်။
ယခု မတ်လဆန်းအတွင်း အင်းနက်ရွာအပြင် နရွဲပင်၊ ကြို့ကုန်း စသည့်ကျေးရွာများသို့လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်တာကြောင့် လူထိခိုက်မှုအပြင် အိမ်မွေးတိရစ္ဆာန်များ၊ နေအိမ်နှင့် ဘာသာရေးအဆောက်အဦး ပျက်စီးမှုလည်းရှိနေသည်ဟု ကျောက်ကြီးမြို့ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်က အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်ရက်များတွင် ကျောက်ကြီးမြို့နယ်တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ထို့အတူ မတ်လ (၁) ရက်နေ့က ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU – ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
KIC ပေးပို့သည်။