ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းနှင့် လူနေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ဇူလိုင် ၈ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရန်ကုန် – မန္တလေးကားလမ်းပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ခင်ကျေးရွာအုပ်စုအတွင်းသို့ ဒရုန်းဗုံးကြဲချသဖြင့် လေးအိမ်စုရွာနေ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး တို့ နေရာတွင်ပင်သေဆုံးပြီး ၎င်းတို့နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
“တိုက်ပွဲက နွေတုန်းကပဲ ဖြစ်ထားတာ။ အခုက တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အဲ့လိုပဲ KNU ရှိတယ်ဆိုတဲ့ ရွာတွေဆိုပြီး သပ်သပ်ထုချတာ။ မနေ့က ဒရုန်းခြောက်စီးလောက်လာလို့ လယ်ထဲမှာ စပါးကြဲတဲ့သူတွေ အကုန် ပြန်ပြေးတက်လာကြတယ်။ ပြီးတော့ လေးအိမ်စုက အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက် နှစ်ယောက်သေသွားတယ်” ဟု ကျောက်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထို့အပြင် ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ-၂၆၄ တပ်နှင့် ခမရ-၄၃၉ တပ်တို့မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တောင်ခင်ကျေးရွာ အထက်တန်း စာသင်ကျောင်းအပါအဝင် လေးအိမ်စုရွာမှ ဒေသခံနေအိမ် ၁ လုံးနှင့် ရွာမကြီးကျေးရွာမှ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟုလည်း KNU သတင်းအရင်းအမြစ်ထံမှ သိရသည်။
ပိန်းဇလုပ် စစ်ကောင်စီတပ်မှ နီးစပ်ရာကျေးရွာများဘက်သို့ လက်နက်ကြီးနှင့် မကြာခဏ ပစ်လေ့ရှိသော်လည်း ကာလကြာရှည် စစ်ဘေးရှောင်မနေနိုင်သည့်အခြေအနေကြောင့် ဒေသခံများမှာ အသက်အိုးအိမ်ခြိမ်းခြောက်မှု နေ့စဥ်ရင်ဆိုင်နေရသည့်အကြား မိမိတို့ရပ်ရွာအတွင်း သတိဖြင့်နေထိုင်ရသည်ဟု ဆိုသည်။
ကျောက်ကြီးဒေသခံအမျိုးသားက “နေ့တိုင်းပစ်နေတာပဲ။ မနေ့က တောင်ခင် အထက်တန်းစာသင်ကျောင်းလည်း တစ်လုံးလား နှစ်လုံးလား ကျလို့ အမိုးတွေပြိုတယ်။ လေးအိမ်စုဆို ပိန်းဇလုပ်တပ်နဲ့က လက်တစ်ကမ်းလောက်ပဲ ရှိတာ။ အဲဒီရွာကလူတွေက သတင်းနားထောင်ပြီးနေကြတာပေါ့ နည်းနည်းလေးငြိမ်တယ်ဆို ပြန်နေကြတာပဲ အသံကြားလို့ သတိတွေဘာတွေပေးမှသာ ရှောင်ကြတာ” ဟု ဆက်ပြောသည်။
ညောင်လေးပင်ခရိုင်တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏ စစ်ရေးအရှိန်သည် တစထက်တစ မြင့်တက်လာပြီး စစ်တပ်က ပြည်သူလူထု နေထိုင်ရာ ကျေးရွာများကို တိုက်ခိုက်မှုကြောင့် လက်ရှိ ခရိုင်တစ်ခုလုံးအားဖြင့် စစ်ရှောင်ဦးရေ ၅ သိန်း နီးပါးရှိနေကြောင်း KNU စာရင်းအရ သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဇွန်လပိုင်းက ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က င့် တောတွင်း ရွှေ့ပြောင်းရှောင်တိမ်းနေကြရသော စစ်ဘေးရှောင်နေရာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေထိုင်ရာအခက်အခဲ ဖြစ်ရကြောင်း KNU ညောင်လေးပင်ခရိုင်၏တာဝန်ရှိသူက ပြောဆိုထားသည်။
KIC ပေးပို့သည်။