29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်ကြီးတွင် စစ်ကောင်စီတပ်​က ​ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်​​အပါအဝင် ကလေး ၂ ဦး​ဒဏ်ရာရ

ကျောက်ကြီးတွင် စစ်ကောင်စီတပ်​က ​ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်​​အပါအဝင် ကလေး ၂ ဦး​ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး၊ KNU​ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာအတွင်းသို့ ​ စစ်ကောင်စီ​က​ ဒရုန်းဗုံးနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေးငယ် ၁ ဦးနှင့် အသက်မပြည့်သေးသည့် ကလေးငယ် ၁ ဦး၊ စုစုပေါင်း​ကလေး ၂ ဦး​ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်​ ၁၀​ နာရီဝန်းကျင်က​ ကျောင်းကုန်းကျေးရွာအနီးတဝိုက် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က​ ရွာအတွင်း လက်နက်ကြီးနှင့် ဒရုန်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ နေအိမ်အတွင်းရှိနေသည့် ကလေးငယ် (၂) ဦး​ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသမီးက ဆိုသည်။

“ကလေးမိဘတွေက အိမ်အပြင်မှာမို့လို့ မထိဘူး။ ကလေးအကြီးလေး တစ်ယောက်ကိုက​ ပုခက်ထဲက လသားကလေးကို ကြည့်ခိုင်းထားတာထင်တယ်။ အဲ့မှာ အိမ်ပေါ်ကို တည့်တည့်ကျတာ။ ကလေးတွေကိုတော့ ဆေးရုံပို့လိုက်ပြီ။ အကြီးလေးတစ်ယောက်က ဒဏ်ရာနည်းနည်းများတယ်” ဟု​ အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ထိုနေ့ မွန်းလွဲပိုင်းအထိ ကျောင်းကုန်းကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေသဖြင့် ကျောင်းကုန်းရွာသားအချို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

ကျောက်ကြီးမြို့နယ်တွင်​ အောက်တိုဘာလကုန်မှ နိုဝင်ဘာလအတွင်း စစ်ကောင်စီ​စစ်ကြောင်း​ကို​ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ​ဘက်က​ အထိနာသဖြင့် ယခုလို ပြည်သူလူထုနေထိုင်သည့် ကျေးရွာဘက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်မည်ဟု ဒေသခံများ​က​ သုံးသပ်ပြောဆိုကြသည်။

ယခု​နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က​ ပြည်သူနေထိုင်ရာကျေးရွာများသို့ ပစ်ခတ်နေမှုမှာ ကျောက်ကြီးမြို့နယ်သာမက မုန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင်လည်း ဖြစ်ပွားလျက်ရှိပြီး ယင်းကြောင့် ပြည်သူ ၂ ဦး​ထိခိုက်ဒဏ်ရာရရှိခြင်းအပြင် စာသင်ကျောင်းနှင့် နေအိမ်ပျက်စီးခြင်းတို့ပါရှိခဲ့ကြောင်း KNU -ဗဟို၏ နိုဝင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIC ပေးပို့သည်။