မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။
ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် – ၃၊ ဗညားနွဲ့လမ်းရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့က ဇွန်လ ၂၀ ရက် ညနေပိုင်းက လာရောက်ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်သည် စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသူလည်း ဖြစ်သည်။
“အဲအိမ်မှာက လူမနေ နေတာကြာပြီ။ မနေ့ (ဇွန် ၂၀ ရက်နေ့) က ညနေပိုင်းမှာ လာချိတ်ပိတ်သွားတယ်” ဟု ရပ်ကွက်တွင်းနေသူတစ်ဦးက ပြောသည်။
ဒေါ်ခင်မျိုးမြင့်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ချိန်က ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) နေရာတွင် NLD ပါတီ ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇော်ဇော်ထူး၊ မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ကျော့ဖြူ၊ သထုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်သူ၊ ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်သီရိရတနာတို့အပြင် NLD ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ၏ နေအိမ်ကို စစ်ကောင်စီက ဆက်တိုက် ချိတ်ပိတ်ခဲ့သည်ကို တွေ့ရသည်။
မွန်ပြည်နယ်အတွင်းရှိ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း အများစုသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး အများစုသည် တိမ်းရှောင်နေကြရသည်။
စစ်တပ် အာဏာသိမ်းထားသည့် နှစ်နှစ်ကျော် ကာလအတွင်း မွန်ပြည်နယ် အပါအဝင် တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
IMNA ပေးပို့သည်။