ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

0
395

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးသည် ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အစာငတ်ခံဆန္ဒပြနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

အကျဉ်းထောင်အတွင်း အကျဉ်းသူအကျဉ်းသားများကို ထိန်းသိမ်းစဉ်၊ စုံစမ်းမေးမြန်းစဉ်နှင့် အပြစ်ပေး အရေးယူသည့်ကာလတို့တွင် တရားလက်လွန်ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ လူ့အခွင့်အရေးနှင့်အညီ ဆောင်ရွက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အလွယ်တကူရရှိနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံပြီး တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။

အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့်အနေဖြင့် နိုင်ငံရေ’အကျဉ်းသား ၁၆၄ ဦး တို့ကလည်း အကျဉ်းထောင်မှပေးသည့် အစားအသောက်များကို စားသောက်သုံးစွဲခြင်း မပြုဘဲ တောင်းဆိုမှု တွင် ပူးပေါင်းပါဝင်နေကြကြောင်း PPNM ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၇ နာရီခွဲ အကျဉ်းထောင်ပိတ်ချိန်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်ရိုက်နှက်ကာ အကျဉ်းတိုက်ထဲသို့ ပို့ဆောင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် ထောင်တွင်း၌ ယခုလို အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အစာငတ်ခံသည့်ရက် အနည်းငယ်ကြာလာသည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ စိုးရိမ်လာရသည်ဟု ထောင်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုကြောင်းကို PPNM က ကိုးကား ထုတ်ပြန်သည်။

PPNM ပြောရေးဆိုခွင့်ရှိသူကိုသိုက်ထွန်းဦးက “အဓိကက အကျဉ်းသား ၂ ယောက်ကို ခေါ်ထုတ်သွားတယ်။ ခေါ်ထုတ်သွားပြီး ပြန်ရောက်မလာတာကနေ ဖြစ်တာပါ။ အဲဒီအကျဉ်းသားတွေ ပြန်ရောက်ရေးပေါ့နော်။ အကျဉ်းသား ၂ ယောက်ကတော့ ကျန်းမာရေးကောင်းတယ်လို့ သိရတယ်။ ကျန်းမာရေး မကောင်းတာက လက်ရှိ အစာငတ်ခံဆန္ဒပြနေတဲ့ ၄၇ ဦးက ကျန်းမာရေးစိုးရိမ်နေရတယ်ပေါ့နော်” ဟု ပြောသည်။

ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားများ လက်ကိုင်ဖုန်းသုံးဆွဲသည်ဟုဆိုကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အကျဉ်းထောင်တွင်း အတင်းအတင်းအဓမ္မဝင်ရောက်ပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် လက်ကိုင်ဖုန်းနှစ်လုံးတွေ့သည်ဟုဆိုကာ အကျဉ်းသားများကို ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း PPNM က ပြောဆိုသည်။

စုံစမ်းစစ်ဆေးမှု ခံယူနေသည့် အကျဉ်းသား ၂ ဦး၏ နေ့စဉ်ကျန်းမာရေးကို စစ်ဆေးပေးရန်၊ အကျဉ်းတိုက် မဟုတ်သော အခြားသင့်လျော်စွာနေရာသို့ အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊၊ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည်နှင့် တပြိုက်နက် မူလနေထိုင်ရာအဆောင်သို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးရန်၊ အကျဉ်းသူအကျဉ်းသားများကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လိုပါက ထောင်ဖွင့်ချိန်၌သာ ပြုလုပ်ပေးရန်တို့ကို နိုင်ငံရေးကျဉ်းသားများက တောင်းဆိုထားကြသည်။

ပြည်သူလူထု၊ သပိတ်အင်အားစုများ၊ တော်လှန်ရေးအင်အားစုများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ကျိုက်မရောအကျဉ်းထောင်တွင် အစာငတ်ခံတိုက်ပွဲဝင်နေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံပေးကြရန် PPNM က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦး ဖြစ်သည့် ကိုရာရှင် (ခ) ဟာရှင်နှင့် ကိုပြည့်ဖြိုးအောင်တို့ ၂ ဦးသည် လုံလောက်သည့် ဆေးကုသမှုမရရှိသည့်အတွက် သေဆုံးသွားခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here