မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်၌ ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုသည်။
ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက ကျိုက်မရောထောင်ရှိ ထောင်အာဏာပိုင်များက အကျဉ်းသားတစ်ဦးကို နှစ်ထပ်အမြင့် အဆောက်အဦးတစ်ခုအား ဝရိန်ဆော်ခိုင်းရာ၌ မိုးရွာနေသည့်အတွက် ဓာတ်လိုက်ပြီး ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယင်းနောက် ဓာတ်လိုက်ပြုတ်ကျပြီး သတိမေ့မျောနေသော အကျဉ်းသားကို ထောင်ပြင်ပဆေးရုံတွင် ဆေးကုသ ခွင့်မပေးဘဲ အကျဉ်းသားလူနာအား ပစ်ထားသည့်အတွက် နိုင်ငံရေးအကျဉ်းသားများက ထိုလူနာကို ဆေးကုသခွင့် ပေးရန် တောင်းဆိုရာကနေ ထောင်ဆူပူမှု ဖြစ်ပွားခဲ့သည်ဟုအကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောသည်။
“ထောင်ဆူပူမှု ဖြစ်တယ်ဆိုတာက အကျဉ်းသားတစ်ယောက်ကို ညနေ ၅ နာရီလောက်မှာ အလုပ်ခိုင်းတာပေါ့။ ဝရိန်ဆော်ခိုင်းတယ်။ ဝရိန်ဆော်ခိုင်းပြီးတော့ အဲဒီမှာ မိုးကလည်း ဖွဲဖွဲရွာတော့ ဓာတ်လိုက်သွားတယ်။ ဓာတ်လိုက် ပြီးတော့ အောက်ကို နှစ်ထပ်အပေါ်ကနေ ကျတယ်။ အဲဒါကို ဒီအတိုင်းပစ်ထားတော့ နိုင်ငံရေးအကျဉ်းသားတွေက ဒီလူကိုဆေးဝါးကုသခွင့် မလုပ်ပေးဘူးဆိုပြီးတော့ သောင်းကျန်းကြတာပေါ့။ အဲဒီမှာ တစ်ထောင်လုံး ဆူသွားတာ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထောင်ဆူပူမှုသည် ညနေ ၅ နာရီကျော်မှ ည ၇ နာရီလောက်ထိ ဖြစ်ပွားခဲ့ပြီးနောက် ထောင်အာဏာပိုင်များက အဆိုပါအကျဉ်းသားလူနာကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခွင့်ပြုလိုက်တာကြောင့် ပြန်လည်ငြိမ်သက်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က ကျိုက်မရောထောင်၌ တပ်အင်အားအများအပြား တိုးမြှင့်ထားပြီး အကျဉ်းသားများကိုလည်း စောင့်ကြည့်မှုကို လုပ်ဆောင်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ကျိုက်မရောထောင်သည် အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝ မပေးခြင်း၊ ဆေးဝါးကုသခွင့် ကန့်သတ်ထားခြင်း၊ အစားအသောက်နှင့် သောက်သုံးရေ အစ လုံလောက်အောင်မပေးသည့်အပြင် မကြာခဏဆိုသလို လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေကြောင်း သိရသည်။
ယင်းအပြင် အကျဉ်းသားများကို အသုံးအဆောင်နှင့် စားစရာ ပေးပို့တာကအစ ယခင်ထက် ပိုမိုတင်းကြပ်ထားပြီး လူစားထိုးပေးပို့ခွင့် မပြုတော့ဘဲ မိသားစုဝင်များကိုသာ အထပ်ထပ်အခါခါ စစ်ဆေးပြီးမှ ပေးပို့ခွင့်ပြုသည်ဟု သိရသည်။
မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ပုဒ်မအမျိုးမျိုးနှင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားအကျဉ်းသူပေါင်း ၂၀၀၀ ကျော် ရှိသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။