မွန်ပြည်နယ်၊ ကျိူက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက် ကားလမ်းပေါ်ရှိ လေးဖာတောတံတား ဇူလိုင်လ ၆ ရက် မွန်းလွဲ ၃ နာရီခန့်က မိုင်းဖောက်ခွဲ ဖျက်ဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။
မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားအလယ်တွင် ၆ ပေခန့် အပေါက်ကြီးဖြစ်သွားပြီး ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံတစ်ဦးက အခုလို ပြောသည်။
“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မိုင်းပေါက်ကွဲမှု ဖြစ်သွားတဲ့ တံတားက ကျိုက်ထီးရိုးတောင်ခြေကနေ တက်လာရင် ဆယ်မိနစ် စခန်းအလွန် တောင်တက်လမ်းပြီးရင်း ကုန်းအဆင်းမှာရှိတဲ့ တံတားပါ။ တံတားရဲ့ ဘယ်ဘက်ခြမ်းမှာဆိုရင် ရေတံခွန်ရှိပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။
ဘုရားပွဲတော်ကာလ မဟုတ်သည့်အတွက် တောင်တက်ယာဉ် အတက်အဆင်း သိပ်မရှိသော်လည်း ကျိုက်ထီးရိုးတောင်ပေါ်နှင့် အနီးနားတဝိုက် နေထိုင်သူများ တောင်ပေါ်တောင်အောက် သွားလာရာတွင် ထိုတောင်တက်လမ်းကိုသာ အသုံးပြုနေကြရသည့်အတွက် သွားလာရေး အခက်အခဲကြုံတွေ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
အလားတူ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ သံတောင်ကျေးရွာအနီးရှိ သဲဖြူချောင်းတံတား ဒရုန်းဖြင့် တိုက်ခိုက်ခံရသော်လည်း တံတားပေါ် တည့်တည့်မကျသောကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ် အကြားရှိ ကျုံအိတ်တံတားကို KNU တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့ပြီး တံတားတစ်ခြမ်း ပျက်စီးသွားခဲ့သည့်အပြင် ခရီးသွားထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။
KNU တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့သည့် တံတားသည် စစ်ရေးအရ စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ထုတ်ပြန်ပြောဆိုထားသည်။
IMNA ပေးပို့သည်။