ကျိုက်ထို ကင်မွန်းချောင်နယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

0
412
ပုံစာ- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကင်မွန်းချောင်နယ်မြေရဲစခန်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်‌ခြေရှိ ကင်မွန်းချောင်းနယ်‌မြေရဲစခန်း မနေ့ညနေပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဇွန်လ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ကင်မွန်းချောင်း ရဲစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်သည်။

ရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုရှိခဲ့ပြီး စခန်းအဆောက်အဦးလည်း အများအပြား ထိခိုက်ပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက အခုလို ပြောသည်။

“စခန်းထဲ တည့်တည့်ကျလာတာဆိုတော့ ထိခိုက်ဒဏ်ရာတာတော့ ရှိတယ်။ သေဆုံးတာတော့ မရှိဘူး။ အဆောက်အဦးတွေ တော်တော်ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။

ကင်မွန်းချောင်း ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

“ရဲစခန်းဘက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားတယ်။ ပြီးတာနဲ့ ချက်ချင်းပဲ သူတို့ဘက်က လက်နက်ငယ်တွေရော လက်နက်ကြီးတွေနဲ့ပါ ပြန်ပစ်တော့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းရှိ စျေးဆိုင်များ ပိတ်သွားပြီး လမ်းတွင်လည်း လူအသွားအလာမရှိ ဖြစ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ကင်မွန်းချောင်းနယ်မြေ ရဲစခန်းကို ကျိုက်ထို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက်ထီးရိုး ဘုရားတောင်ခြေရှိ ကင်မွန်းချောင်း နယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here