ကျိုက်ထို၊ ငှက်ပျောတောရွာသို့လက်နက်ကြီးကျသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

0
135
ပုံစာ - လက်နက်ကြီးကျည် ကျရောက်ထိမှန်ထားသည့်နေအိမ် (Photo – CJ)

ကရင်အမျိုးသားအစည်းအရုံး- KNU နယ်မြေ၊ တပ်မဟာ (၁)၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာ အောက်ပိုင်းသို့ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီး၁ ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။

ဇန်နဝါရီလ၂၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ ကနေ ပစ်ခတ်လိုက်သည့် ၁၂၀ မမ လက်နက်ကြီး ၄ လုံးအနက် ၂ လုံးမှာ ငှက်ပျောတောရွာအောက်ပိုင်းနေ ရွာခံအမျိုးသမီးတစ်ဦး၏ နေအိမ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောသည်။

လက်နက်ကြီးကြောင့် အသက် ၅၄ နှစ်အရွယ် နေအိမ်ပိုင်ရှင်ဒေါ်အေးချိုသေဆုံးခဲ့ပြီး သမီးဖြစ်သူနှင့် နောက်ထပ် အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောပါသည်။

“ပစ်တာ လက်နက်ကြီး ၄ လုံးပဲ။ ၂ လုံးက သူတို့အိမ်နဲ့ဘေးနားပတ်လည်မှာကျတာ။ ဒေါ်အေးချိုယောင်္ကျားက အိမ်အောက်ကနေပြီး လက်နက်ကြီးသံကြားတယ် အောက်ဆင်းခဲ့ကြလို့ ပြောနေတုန်း ဒေါ်အေးချိုတို့တွေ အိမ်ပေါ်ထမင်းထိုင်စားနေကြတဲ့အချိန်မှာ ကျတာပေါ့။ ဘာတိုက်ပွဲလှုပ်ရှားမှုမှမရှိဘဲ အသားလွတ်ပစ်ထည့်တယ်” အဆိုပါဒေသခံအမျိုးသားက ပြောသည်။

ကျည်စထိမှန်ဒဏ်ရာရရှိသွားသည့် ကျန်အမျိုးသမီး ၃ ဦးအနက် သေဆုံးသူဒေါ်အေးချို၏သမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ်မယွန်းနဒီဦး၏ ခြေလက်နှင့်ကိုယ်ခန္ဓာတွင် ကျည်စထိမှန်ဒဏ်ရာ ပြင်းထန်သည်ဟုလည်း KNU ခရိုင် တာဝန်ရှိတို့က ပြောဆိုသည်။

သထုံခရိုင်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ နောက်ပိုင်းကတည်းက စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုနှင့်အတူ ပြည်သူလူထုကို ပစ်မှတ်ထားသည့်ပစ်ခတ်မှုများ သိသိသာသာ လုပ်ဆောင်လာတာကြောင့် ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်ရှိ ကျေးရွာတချို့မှ ဒေသခံများ နေရပ်စွန့်ခွာ စစ်ရှောင်နေခြင်းတို့ ရှိနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီပထမအပတ်ကလည်း ဘီးလင်းမြို့နယ်၊ မဲပလီစခန်းဝန်းကျင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံများသည် ဘေးလွတ်ရာ မြို့ပေါ်၊ ကျေးရွာများသို့ ယနေ့ထိတိုင် စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာလိုအပ်မှုလည်း ဖြစ်ပေါ်နေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူတို့က ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here