ကျိုက်ထိုမြို့ စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

0
363

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရဲနိုင်အောင် ဇွန်လ ၂၂ ရက် ညက ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်နေ အသက် ၄၄ နှစ် အရွယ် ဦးရဲနိုင်အောင်သည် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ဆိုင်ကယ်ဖြင့် ကျိုက်ပိကျေးရွာသို့အသွား ကျိုက်ပိတောရကျောင်းရှေ့ အရောက် တွင် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး သေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဦးရဲနိုင်အောင်သည် ရင်ညွန့်ကျည် ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ယာလည်ပင်း ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်၊ ယာပါး ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်၊ လည်ပင်းအောက် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်နှင့် ဝဲနားထင် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်တို့ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

သေနတ်သမားများက ဦးရဲနိုင်အောင်ကို ပစ်ခတ်ပြီးနောက် ကြာဖြူကျေးရွာဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်းနှင့် ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့တို့က လမ်းများ ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

ဦးရဲနိုင်အောင်သည် အပြစ်မဲ့ ပြည်သူများကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခြိမ်းခြောက် ငွေညှစ် နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန် ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေး ပါတီဝင်များ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် မကြာခဏ ဖြစ်ပွားနေသည့် အပြင် အရပ်သား သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွား နေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here