မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး နွားကျောင်းထွက်လာရင်း မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဝါးဒတ်ကွင်းကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မောင်အေးချမ်သခင်သည် နွားကျောင်းထွက်လာရင်း ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ အရိုးအိုးလမ်းဆုံ၊ ဝါးဒတ်ကွင်းကျေးရွာနှင့် ကညင်အိုင်ကြားအရောက်တွင် မိုင်းနင်းမိပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မောင်အေးချမ်းသခင်သည် ယာဘက်ခြေထောက်နှင့် ယာဘက်ပေါင်တို့တွင် ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“နွားကျောင်းထွက်လာရင်း နင်းမိတာ။ ကလေးက အဲနေရာမှာပဲ သေဆုံးသွားတယ်။ ဝါးဒတ်ကွင်း၊ သုံးခွ အဲဘက်က ခဏခဏ မိုင်းနင်းမိတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်နေသည့် သထုံခရိုင် အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံ တို့တွင် မိုင်းနင်းမိသည်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
သေဆုံးကလေးငယ်၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအသင်း အကူအညီဖြင့် သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ညက ဘီးလင်းမြို့နယ်၊ နတ်ကြီး-ရှမ်းစုကျေးရွာအနီး နတ်ကြီး-ဘင်ဘန်း သွား ကားလမ်းတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မြေမြုပ်မိုင်းနင်းမိသည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မြေမြုပ်မိုင်းနင်းမိမှုကြောင့် အရပ်သား သေဆုံးမှုရှိခဲ့သည့်အပြင် ခြေထောက်ဖြတ်တောက် ခံခဲ့ရသူလည်း ရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
IMNA ပေးပို့သည်။