မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်တွင် အငြိမ်းစား ဒု-ဗိုလ်မှူးကြီး ဦးအောင်လွင်တို့မိသားစု ပစ်ခတ် ခံရပြီးနောက် ဒေသခံ ၅ ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း မြို့ခံတို့၏ ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်း၌ သေနတ် ၂ ဦးက အငြိမ်းစားဒုဗိုလ်မှူးကြီး နေအိမ်ရှေ့တွင် ၎င်းတို့ကို ပစ်ခတ်ခဲ့ရာတွင် ဇနီးဖြစ်သူ သေဆုံးသွားပြီး သားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အခင်းဖြစ်ပွားရာအနီးရှိ ဇဗ္ဗူအေးဘီယာဆိုင်မှ CCTV ကင်မရာ မှတ်တမ်းကို ရယူပြီး ဖြစ်စဉ်အတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများကို လိုက်လံဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
မြို့ခံတစ်ဦးက “CCTV မှတ်တမ်းအရ တက္ကစီသမား ကိုဗလကို အရင်ဆုံးဖမ်းပြီး စစ်နေတယ်လို့ သိရတယ်။ ပြီးတော့ ဘူတာလမ်းက လင်မယား ၂ ဦးနဲ့ မြောက်ပိုင်းရပ်ကွက်က လူငယ် ၂ ဦးလည်း ဖမ်းဆီးထားတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် ဒေသခံ ၅ ဦးကို ကျိုက်ထိုမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးဘူးလို့ ဒေသခံများထံက သိရသည်။
၎င်းပြင် အဆိုပါ အငြိမ်းစား ဒုဗိုလ်မှူးကြီး ပစ်ခတ်ခံရပြီး မြို့ပေါ်တွင် စစ်ဆေးမှုလည်း များလာသည်ဟု မြို့ခံများက ဆက်ပြောသည်။
“သူတို့ (ဦးအောင်လွင်) မိသားစု ပစ်ခံရပြီးကတည်းက အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူစီးရင် ဖမ်းဆီး စစ်ဆေးတာတွေ လုပ်လာတယ်။ အရင်ကလည်း အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးဖို့ ထုတ်ထားတယ်။ ဒါပေမဲ့ ဘယ်သူမှ လိုက်နာတာ မရှိဘူး၊ အခုမှ ပိုပြီးကျပ်လိုက်တာ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။
ပေါင်မြို့နယ်၊ ရင်ငြိမ်းတောင်ကျေးရွာတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်ကလည်း ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှ အမျိုးသမီးအပါအဝင် ဒေသခံ ၁၀ ဦး ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ထိ ပြန်လွတ်လာခြင်း မရှိသေးဘူးလို့ သိရသည်။
IMNA ပေးပို့သည်။