ကျိုက်ထိုတွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာနေဒေသခံတချို့ နေရပ်သို့မပြန်ရဲကြ

0
117

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၁) မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျေးရွာတချို့မှဒေသခံများသည် လက်ရှိချိန်အထိ နေရပ်သို့မပြန်ရဲကြ ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့မှ စ၍ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ အင်အား ၂၀၀ ထက်မနည်းရှိသည့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပျဥ်းကတိုးကုန်း၊ ဝင်းကလော၊ ကျောက်ဖျာစသည့် ကျေးရွာအုပ်စု (၃) စုရှိ ရွာပေါင်း (၁၇) ရွာမှ ဒေသခံ ၅,၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

ထိုစစ်ကောင်စီတပ်သည် နိုဝင်ဘာ ၄ ရက်နေ့က သိမ်ဇရပ်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဝင်းကလောကျေးရွာအုပ်စုအောက်ရှိ ရွာ ၄ ရွာနှင့် ကျောက်ဖျာကျေးရွာအုပ်စုအောက်ရှိ ရွာ ၉ ရွာမှ ဒေသခံများမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွား၍ နေအိမ်သို့ ပြန်နေကြသော်လည်း ပျဥ်းကတိုးကုန်းရွာအုပ်စုရှိ ရွာ (၄) ရွာမှ ဒေသခံ ၁,၀၀၀ ထောင်ကျော်မှာ နေရပ်မပြန်ရဲကြကြောင်း ရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့ ပျဥ်းကတိုးကုန်းအုပ်စုကတော့ အိမ်အကုန် မပြန်ရဲသေးဘူး။ ယောင်္ကျားလေး တစ်ယောက်စီကတော့ အိမ်ပြန်ကြည့်တာရှိတယ်။ ပြန်ကြည့်ပြီး ပြန်ပြေးလာပေါ့၊ နေမရဲဘူးလေ။ တိုက်ပွဲဖြစ်မှာစိုးလို့။ တချို့က ကျနော်တို့နေတဲ့ တောင်ယာထဲက နေရာလွတ်မှာလာနေတယ်။ တချို့ကတော့ ဇီးတောနဲ့ ကမ်းနီရွာဘက်ကို ပြေးကြတယ်။ ဇီးတောဘက်ကို ပြေးတဲ့သူက ပိုများပါတယ်” ဟု အဆိုပါရွာသားက ပြောသည်။

ယခုတခေါက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ယခင်က အရောက်နည်းသော ကျေးရွာများဘက်သို့ပါ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဒေသခံလူထုမှာ စိုးရိမ်ကြောက်လန့်မှု ပိုမိုဖြစ်ပွားရကြောင်းလည်း KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

KNU အနေဖြင့်လည်း စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာသည့် ၆ ရက်တာ ကာလအတွင်း နေရပ်စွန့်ခွာ ရှောင်တိမ်းကြရသည့် ဒေသခံများအတွက် လိုအပ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ပဒိုစောအေးနိုင်က ပြောဆိုသည်။

“ချောသိုခီး (ကျောက်ဖျာ) ဘက်က ပိုကြောက်ကြတယ်။ ဗမာစစ်သားတွေ တခါမှမရောက်စဖူး ရောက်လာတော့ အကုန်ပြေးရှောင်ကြတယ်။ စစ်သားတွေပြန်တာနဲ့ သူတို့လည်းပြန်ပေါ့။ KNU ကျိုက်ထိုမြို့နယ်ဘက်ကလည်း နေရတဲ့ အတောအတွင်း လုံခြုံရေးနဲ့ လိုအပ်တာ စီမံပေးပါတယ်” ဟု ပဒိုစောအေးနိုင်က ပြောသည်။

ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းမှာ ကျိုက်ထိုမြို့ အခြေစိုက်သည့် တပ်မ (၄၄) ခြေမြန် တပ်မဌာနချုပ်လက်အောက်မှ တပ်ရင်းများဖြစ်ပြီး စစ်ကြောင်းထိုးစဥ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here