ကျင်ဒွေးမြို့အနီး ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

0
158
ပုံစာ - ကျင်ဒွေး နယ်မြေရဲစခန်းရှေ့တွင်တွေ့ရသော ချင်းတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ဝင်တချို့။

ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီစခန်းကနေ ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပါ အင်အား ၅၀၀ ခန့်ကို လိုက်လံတိုက်ထုတ် နေတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေသည်ဟု CDF ကန်ပက်လက်တပ်ဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ချင်း – မကွေး အစပ်ရှိ စစ်ရေးအချက်အချာကျသော ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ချင်းညီနောင်အဖွဲ့ ပူးပေါင်းတပ်များက အပြီးတိုက် တိုက်ခိုက် သိမ်းပိုက်လိုက်နိုင်ခြင်း ဖြစ်သည်။

သို့သော် ကျင်ဒွေးမြို့ စစ်ကောင်စီစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်နှင့် ပျူအင်အား ၅၀၀ ခန့်ကို တော်လှန်ရေးတပ်ပေါင်းစုများက ယနေ့အထိ နှစ်ပတ်နီးပါးကြာ ကန်ပက်လက်မြို့နယ် အတွင်းမှာပင် အပြင်းအထန် လိုက်လံတိုက်ထုတ် နေရဆဲဖြစ်ကြောင်း CDF – ကန်ပက်လက် တပ်မဟာမှူးက ပြောဆိုသည်။

“အခု အခြေအနေက ကန်ပက်လက်မှာ နေ့တိုင်းလိုပဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေမှာ လေကြောင်း ကနေလည်း ပစ်ကူပေးနေပါတယ်။ စစ်သားနဲ့ ပျူအင်အားက ၅၀၀ တောင် ရှိတယ်ဗျာ။ အဲဒါကို ကျနော်တို့ လိုက်လံ တိုက်ထုတ်နေပါတယ်” ဟု CDF – ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ်များစွာရှိခဲ့ပြီး လက်ရှိ စစ်ရေးအသုံးစရိတ်အဖြစ် ကျပ်သိန်း ၁ ထောင်ကျော်ခန့် ပေးဆပ်ရန် ကျန်ရှိနေသေးသည်ဟုလည်း CDF – ကန်ပက်လက်ထံမှ သိရသည်။

“အဓိကက လက်နက်ခဲယမ်း၊ ကျည်အမျိုးမျိုးပေါ့။ စားနပ်ရိက္ခာ ဆန်ဆီဆားတွေ၊ စက်သုံးဆီတွေ ၊ စစ်ယန္တရားတွေမှာ အများကြီး ကုန်ကျခဲ့ရတယ်။ ဒီတိုက်ပွဲကို နိုင်ချင်လွန်းလို့၊ ဒီမြို့ကို ရချင်လွန်းလို့ လုပ်လာတဲ့ အခါမှာ ၄ လကျော် ကြာတဲ့အခါမှာ ထောက်ပို့အင်အားက လုံးဝမခံနိုင်တဲ့အခါမှာ စုဆောင်းထားတာတွေ အကုန်လုံး၊ ကုန်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲဒါနဲ့ မိဘပြည်သူတွေကို ထပ်မံပြီး အကူအညီ တောင်းရတာ ဖြစ်ပါတယ်” ဟု CDF – ကန်ပက်လက် တပ်မဟာမှူးက ပြောပါသည်။

ထို့အပြင် လက်ရှိနေ့စဉ်တိုက်ပွဲများတွင် ကုန်ကျနေသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ဒဏ်ရာရလူနာ အများအပြားကို အချိန်မီ ဆေးကုသနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူများ၏ ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေသည်ဟု CDF – ကန်ပက်လက်က ထုတ်ပြန်ထားသည်။

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲကို CDF – ကန်ပက်လက်နှင့် PDF၊ CDF မဟာမိတ်တပ်ပေါင်းစုက ၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီကလည်း စစ်ရေးအချက်အချာကျသော ကျင်ဒွေးမြို့ မကျစေရေး စီမံချက်ဖြင့် လေကြောင်းနှင့် စစ်ကူအင်အားရာချီ ဖြည့်တင်းခြင်း၊ လက်နက်ကြီး ပစ်ခတ်မှု အမြောက်အများဖြင့် အပြင်းအထန် ခုခံကာကွယ် ခဲ့ကြောင်း CDF – ကန်ပက်လက်ထံမှ သိရသည်။

“စစ်ကောင်စီက စခန်းမကျရေးကို လုံးဝအာရုံစိုက်ပြီး ဒီဟာကိုပဲ တနိုင်ငံလုံးမှာ မတွေ့ကြုံဖူးတဲ့ လေကြောင်း ပစ်ခတ်မှု၊ စစ်ကူပေးမှု အပိုင်းတွေ လုပ်လာခဲ့တယ်။ ကျနော်တို့ ကျင်ဒွေးမြို့ကို မရဖို့ အသည်းအသန်ကို စစ်ကောင်စီက ကြိုးစားတဲ့အခါမှာ ကျနော်တို့ ပေးဆပ်ဆုံးရှုံးမှုတွေ များတယ်။ ကုန်ကျမှုတွေလည်း အများကြီး ရှိနေပါတယ်” ဟု CDF – ကန်ပက်လက်၊ တပ်မဟာမှူးက ပြောသည်။

ထို့နောက် ၂၀၂၄ မတ်လ ၇ ရက်နေ့တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲပြီး အာရက္ခတပ်တော် (AA/ ULA) ၏ စစ်ရေးဦးဆောင်မှုဖြင့် PDF ၊ YDF ၊ GZA ၊ LPDF တပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ရေးအရှိန်အဟုန်ကို မြှင့်တင်တိုက်ခိုက်ခဲ့ရာမှ အပြီးသတ် သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ကုန်ကျခဲ့သော စစ်ရေးအသုံးစရိတ်များ ပြန်လည်ဖြည့်တင်းနိုင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များကို ကန်ပက်လက်မြို့နယ် အတွင်းမှ အပြီးတိုင် တိုက်ထုတ်နိုင်ရန် မိမိတို့ကို အထူးဦးစာပေး ထောက်ပို့ပေးကြပါရန် CDF – ကန်ပက်လက်က နှိုးဆော်ထားပါသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here