27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကံပေါက်တွင် Non CDM ကျန်းမာရေးဝန်ထမ်းများအပါအဝင် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

ကံပေါက်တွင် Non CDM ကျန်းမာရေးဝန်ထမ်းများအပါအဝင် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်တွင် Non CDM ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

မေ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် မောရဝတီရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများနှင့်ရောက်ရှိလာပြီးနောက် ကံပေါက်တိုက်နယ်က ရပ်ကွက်တချို့ကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။

ယင်းနောက် လှည်းကုန်း (၁) ရပ်ကွက်တွင်နေထိုင်သည့် Non CDM ကျန်းမာရေးဝန်ထမ်း ဒေါ်သန်းသန်းမော်၊ သမီးဖြစ်သူ ကျန်းမာရေးဝန်ထမ်း ဒေါ်ဇင်မော်နိုင်၊ သားဖြစ်သူ ကိုထက်ထက်နှင့် လှည်းကုန်း (၂) ရပ်ကွက်တွင်နေထိုင်တဲ့ CDM ကျန်းမာရေးဝန်ထမ်း ဦးကျော်စိုးဝင်းတို့ကို ၎င်းတို့၏နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျန်းမာရေးဝန်ထမ်း ဒေါ်သန်းသန်းမော်နှင့် သမီးဖြစ်သူ ဒေါ်ဇင်မော်နိုင်တို့သည် ကံပေါက် တိုက်နယ်ဆေးရုံ၌ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး ဦးကျော်စိုးဝင်းမှာ စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ကာ နေအိမ်မှာပင် ဆေးကုသနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးသွားတဲ့သူများကို စစ်ကောင်စီဘက်က တော်လှန်ရေးအဖွဲ့တို့ကို ထောက်ပို့လုပ်နေသည်ဆိုသော စွပ်စွဲချက်နှင့် ဖမ်းဆီးသွားသည်ဟုသိရပြီး မောရဝတီရေတပ်စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ကံပေါက်ဒေသတွင် ပြီးခဲ့သည့်နှစ်အတွင်းကလည်း CDM ဆရာမများအပါအဝင် ဒေသခံလုပ်ငန်းရှင်များကအစ မကြာခဏ ဖမ်းဆီးခံနေရပြီး အများစုသည် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် တစ်လအတွင်း စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုကြောင့် လူပေါင်း ၂၅၀ ထက်မနည်း ဖမ်းဆီးခံနေရသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။