KNU – ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ကော်သူးလေနယ်မြေများဖြစ်သည့် တောင်ငူ၊ ဘိတ် -ထားဝယ်နှင့် ဖားအံခရိုင်တို့တွင် ပြီးခဲ့သည့်မတ်လအတွင်း နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ (IDP) ဦးရေ ၄,၁၅၇ ဦး ထပ်မံတိုးလာကြောင်း ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ – CIDKP က ထုတ်ပြန်သည်။
ကရင့်လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများအပြင် မတ်လ ၂၈ ရက်နေ့က မြေငလျှင်လှုပ်ခတ်မှုကြောင့်ပါ တစ်လအတွင်း တောင်ငူခရိုင်တွင် IDP ဦးရေ ၂,၈၈၃ တိုးလာပြီး ဘိတ်-ထားဝယ်ခရိုင်တွင် ၉၀၉ ဦး၊ ဖားအံခရိုင်တွင် ၃၆၅ ဦး IDP တိုးလာသည်ဟု CIDKP က ဖော်ပြသည်။
CIDKP ဒု-တာဝန်ခံ စောခဲလေက “တောင်ငူမှာတိုးလာတဲ့ IDP ဆိုရင် ငလျင်ကြောင့်လည်း ဆက်စပ်မှုတချို့ ရှိတယ်။ အိမ်ခြေ ၅၀၀ ကျော်လောက်က ထိခိုက်တဲ့အထဲပါတယ်လေ။ ထန်းတပင်ဘက်က စစ်ရှောင်တွေဆို ငလျင်ဒဏ်ကိုပါ သူတို့ခံရတယ်။ ငလျင်လှုပ်တော့ ရေကြောတွေရွေ့သွားတယ်၊ ရေတွေခမ်းတယ်။ မီးမလာတော့ ရေတင်လို့မရဘူး။ လိုအပ်ချက်ကတော့ ရေနဲ့အစားအစာ အဓိကပဲ” ဟု ပြောသည်။
အလားတူ ငလျင်ကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ အိမ်ထောင်စုပေါင်း ၉၀၀ ကျော်ပါ ငလျင်သက်ရောက် မှု ရှိခဲ့ပြီး ညောင်လေးပင်အပါအဝင် ယခင်လကထက် IDP အရေအတွက် အပြောင်းအလဲမရှိခဲ့သည့် သထုံခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖာပွန်ခရိုင်တို့တွင် စစ်ကောင်စီဘက်က လေကြောင်း၊ ဒရုန်းအသုံးပြုမှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းလည်း CIDKP က ဆိုသည်။
သဘာဝဘေးအန္တရာယ်မှ ပြန်လည်တည်ဆောက်ရေးကာလအတွင်း ဧပြီ (၂) ရက်မှ (၂၀) ရက်နေ့အထိ ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီဘက်က ကြေညာထားသည်။
သို့သော် လက်တွေ့တွင် KNU ထိန်းချုပ်နယ်မြေများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းကနေ တိုက်ခိုက်မှုတို့ကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့က ပြောဆိုသည်။
CIDKP ၏ စာရင်းအရ ယခု မတ်လကုန်အထိ သထုံခရိုင်တွင် IDP ဦးရေ ၁၄၁,၃၈၅ ဖြစ်ပြီး ညောင်လေးပင်ခရိုင်တွင် ၄၅၀,၂၀၉ ဦး၊ ဖာပွန်ခရိုင်တွင် ၆၈,၆၈၁ ဦးနှင့် ဒူးပလာယာခရိုင်တွင် IDP ဦးရေ ၁၅၁,၀၇၀ ရှိပြီး ခရိုင်ခုနှစ်ခုလုံး စုစုပေါင်း IDP ၁,၁၂၆,၇၆၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
KIC ပေးပို့သည်။