ကော့သောင်း၊ ခမောက်ကြီးမြို့တွင် လသားအရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦး ဖမ်းဆီးခံရ

0
248
Photo - Social Media

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့တွင် လသားအရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ခမောက်ကြီးမြို့ ဖောသုတ်ကျေးရွာသင်္ချိုင်းအနီးတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများကို လိုက်လံဖမ်း ဆီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယင်းနေ့ (ဒီဇင်ဘာ ၈ ရက်) ည ၁၀ နာရီ အချိန်ခန့်တွင် ခမောက်ကြီးမြို့ အမှတ် (၄) ရပ်ကွက်က ဒေါ်အေးအေးမာဆိုသူနှင့် လသားအရွယ် သူ့ကလေးငယ်တို့ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထို့နောက် ဒီဇင်ဘာ ၉ ရက်နေ့တွင်လည်း ခမောက်ကြီးမြို့ အေးချမ်းသာကျေးရွာနေ ဒေသခံများဖြစ်သည့် ကိုစိုးလွင်၊ ကိုဝက်ကြီး အပါအဝင် ဒေသခံ ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့ဟု ဒေသခံများက ပြောသည်။

ဒေသခံများ၏အဆိုအရ ဒေါ်အေးအေးမာသည် ဖောသုတ်တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ တွင် သဘောထားမှတ်ချက် ဝင်ရောက်ရေးသားခြင်း၊ ကျန်ဒေသခံ ၄ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွှယ်နေသည်ဆိုသော အကြောင်းပြချက်နှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးထားသူများကို စစ်ကောင်စီက ခမောက်ကြီးမြို့အခြေစိုက် အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၌ ဖမ်းဆီး ထိန်းသိမ်းထားပြီး လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

ခမောက်ကြီးမြို့ ဖောသုတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အဆိုအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံ ၂၀၀၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here