ကော့သောင်းလေဆိပ်သို့ရောက်ရှိလာသည့် အခြားနယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူများ ငွေကြေးတောင်းခံနေရ

0
231
Photo – Social Media

မြန်မာနိုင်ငံတောင်ဘက်စွန်း ထိုင်း – မြန်မာနယ်စပ်ရှိ ကော့သောင်းမြို့လေဆိပ်သို့ ဝင်ရောက်လာသည့် အခြားမြို့နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူ ခရီးသွားများကို အကြပ်ကိုင်ပြီး ငွေကြေးတောင်းခံနေသည်ဟု ခရီးသွားပြည်သူများက ပြောဆိုသည်။

အိမ်နီးချင်းထိုင်းနိုင်ငံသို့ ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် သွားရောက်ရန် ကော့သောင်းမြို့လေဆိပ်သို့ ဝင်ရောက်လာသည့် အခြားမြို့နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူများသည် လေဆိပ်ဌာနဆိုင်ရာများနှင့် ကမ်းနား လဝကရုံးကို ငွေကြေးအဆင့်ဆင့် ပေးဆောင်နေရခြင်းဖြစ်သည်ဟု ခရီးသွားလာသူတစ်ဦးက အခုလိုပြောသည်။

“လေယာဥ်ကွင်းမှာ ပတ်စ်ပို့စ်နဲ့ ရောက်လာတဲ့သူတွေကို လေယာဉ်ကွင်းမှာ ဖြတ်သန်းခွင့်မပေးဘဲ စာရွက်စာတမ်းတွေကို စစ်တယ်၊ တစ်ယောက်ကို ဘတ် ၃၅ဝဝ ပေးရမယ်ဆိုပြီး တောင်းတယ်။ တရားဝင် တံဆိပ်တုံးထုပြီး လာကြတဲ့သူတွေကို ငွေတောင်းနေတာက မဖြစ်သင့်ပါဘူး” ဟု အဆိုပါခရီးသွားက ပြောသည်။

ထိုင်းနိုင်ငံကို တရားဝင် အလည်ဗီဇာနှင့်သွားလာမည့် အခြားမြို့နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသည့်သူများကို ကော့သောင်းလေဆိပ်၌ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ပင်ထားပြီး လေဆိပ်တွင်းရှိ ဌာနဆိုင်ရာများကို ဘတ် ၃၅၀၀ ပေးမှသာ လေဆိပ်မှ ထွက်ခွာခွင့်ပြုသည်ဟု လေဆိပ်နှင့်နီးစပ်သူများက ဆိုသည်။

အခြားမြို့နယ်မှတ်ပုံတင်ကိုင်ဆောင်ပြီး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံဘက်ကို သွားသည့်သူများသည် လမ်းကြောင်းအချိတ်အဆက်ပါ ကြိုလုပ်ထားရန်လိုအပ်နေပြီး မလုပ်ထားပါက ဌာနဆိုင်ရာများ၏ လုံခြုံရေးစစ်ဆေး တင်းကြပ်ခြင်းကို ကြုံရနိုင်သည်ဟု ခရီးသွားလာသူတစ်ဦးက အသိပေးပြောဆိုသည်။

လမ်းကြောင်း အချိတ်အဆက် ကြိုတင်လုပ်ထားသည့် သများကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့နှင့် ပွဲစားများက ငွေကြေးအမြောက်အများယူကာ ထွက်ခွာခွင့်ပြုနေခြင်းဖြစ်ကြောင်း သိရသည်။

ကော့သောင်းလေဆိပ်သို့ ပတ်စ်ပို့စ်နှင့် တရားဝင်လာရောက်သူများကို လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များက ပူးပေါင်း ဖမ်းဆီးနေခြင်းဖြစ်ပြီး ယင်းအဖွဲ့နှင့် ကြိုတင်ချိတ်ဆက်ထားသူများကို စစ်ဆေးမှုမရှိဘဲ၊ မလုပ်ထားသည့် သူများကို လက်မှတ်ဝယ်ခိုင်းပြီး လာရင်းနေရာသို့ ပြန်ခိုင်းနေသည်ဟု ခရီးသွားတစ်ဦးက ပြောသည်။

ထို့အပြင် အလည်ဗီဇာနှင့်ရောက်လာသူ အခြားမြို့နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူများမှာ လေဆိပ်၌သာ ငွေပေးဆောင်နေရခြင်း မဟုတ်ဘဲ၊ ကော့သောင်းမြို့ကမ်းနားရှိ လဝကရုံးကိုပါ စာရွက်စာတမ်းများပြနေရပြီး မပြနိုင်သည့်သူများကို ဘတ် ၂၅၀၀ ထပ်မံ ပေးဆောင်ခိုင်းနေခြင်းဖြစ်သည်ဟု သိရသည်။

ကော့သောင်းလေဆိပ်နှင့် ကမ်းနားလဝကရုံးများတွင်သာမကဘဲ ကမ်းထွက်၊ ရေလယ် စသည့် ဂိတ်တိုင်းကိုပါ ငွေကြေးအဆင့်ဆင့် ပေးနေရသေးသည်ဟု ခရီးသွားအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းကို ဖြတ်ကျော်သည့်အခါတွင်လည်း ရှိနေသည့်ဂိတ်တိုင်းကို ခရီးသွားသူများက ငွေကြေး ပေးဆောင်နေရသည့် ငွေကြေးပမာဏမှာ ဘတ် ၅၀၀ နှင့် ၁၀၀၀ အကြား ရှိနေသည့်အတွက် ယခင်ကထက် ငွေကုန်ကြေးကုန်ကျမှု ပိုများလာနေသည်ဟု ပြောဆိုကြသည်။

စစ်ကောင်စီက စစ်မှုထမ်းအကျုံးဝင်သူ လူငယ်အမျိုးသားများကို လေဆိပ်မှတဆင့် ပြည်ပထွက်ခွာခွင့်ကို လုံခြုံရေးတင်းကြပ်လိုက်ပြီးသည့်နောက် နယ်စပ်ဂိတ်များမှတဆင့် ထိုင်းနိုင်ငံဘက်ကို ထွက်ခွာလာကြခြင်းပင်ဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here