တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဟတ်စဒင်ကျေးရွာနှင့် ချန်ဖန်းကျေးရွာကြား ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ပစ်ခတ်မှုအတွင်း ဟတ်စဒင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ပြောဆိုသည်။
ဇန်နဝါရီ ၂၇ ရက် မနက် ၁၁ နာရီခန့်က ချန်ဖန်းကျေးရွာဘက်ကနေ ဟတ်စဒင်ကျေးရွာဘက်ကို ဈေးဝယ်ပြီး ဆိုင်ကယ်နှင့် ပြန်လာသော ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၅ နှစ်အရွယ် မြင့်ဆွေ ခေါ် ခေါင်းဖြူကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဆိုင်ကယ်နှင့်ပြန်လာချိန် ဆီအုန်းတောအဖြတ်၌ ရှင်းလင်းလိုက်ပြီး နေရာမှာတင် သေဆုံးသွားကြောင်းနှင့် လက်နက် သိမ်းဆည်းရမိခြင်းမရှိကြောင်း ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ဟတ်စဒင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်သည် ကျေးရွာ ရာအိမ်မှူးလည်းဖြစ်ပြီး လက်နက်ကိုင်ဆောင်ကာ ကျေးရွာအတွင်း ပြည်သူများကို အနိုင်ကျင့်နေတာကြောင့် စာနှင့်သတိပေးထားသော်လည်း မလိုက်နာဘဲ ဆက်လုပ်နေတာကြောင့် ရှင်းလင်းလိုက်ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းကလည်း ကော့သောင်းမြို့နယ်ခမောက်ကြီးမြို့ အမှတ် ၄ ရပ်ကွက် မြခွာညိုလမ်းက အမျိုးသမီး အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဌေးဆိုသူသည် နေအိမ်တွင် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။