ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကမ်းနီကျေးရွာနှင့်အနီးနားရွာရှိဒေသခံများ တစ်လနီးပါးကြာဘေးလွတ်ရာသို့ စစ်ရှောင်နေကြရပြီးနောက် လက်ရှိတွင် စစ်ရေးအခြေအနေငြိမ်သက်လာတာကြောင့် နေရပ်ပြန်ဝင်လာကြပြီဟု စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။
ကမ်းနီကျေးရွာမှ စစ်ဘေးရှောင်များနှင့် အခြားစစ်ဘေးရှောင်များသည် မော်လမြိုင်မြို့၊ ရွာသစ်ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြပြီးနောက် ယခုအခါ အများစုမှာ ၎င်းတို့နေရပ်ကို ပြန်ဝင်သွားကြပြီဖြစ်သည်ဟု မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သရက်တောနဲ့ ကမ်းနီး၊ ကော့ပလိုင်ဘက်တွေမှာဆိုရင် နေရပ်ပြန်ကုန်ကြပြီ။ မင်းရွာကလူတွေလည်း အားလုံး နေရပ်ပြန်ကြတယ်။ မော်လမြိုင်မှာကျန်နေတဲ့စစ်ရှောင်ကတော့ ၂၀၀ နီးပါးလောက်ပဲရှိမယ်။ ပြန်တဲ့သူတွေဆိုရင် ၇၀၀၊ ၈၀၀ လောက်တော့ရှိမယ်။ မော်လမြိုင်မှာဆိုရင် တဝက်လောက်ပြန်သွားကြတယ်။ stable ဖြစ်/မဖြစ် စောင့်ကြည့်နေတဲ့ ဒေသခံတွေလည်းရှိတယ်” ဟု မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်း၌ ကော့ကရိတ်မြို့နယ် ၊ ကမ်းနီး၊ သရက်တောဒေသခံများထံ စားနပ်ရိက္ခာကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း မွန်ပြည်သစ်ပါတီမှ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။
ထို့ပြင် နေရပ်ပြန်ဝင်သွားကြသည့်ဒေသခံများ၏ စားနပ်ရိက္ခာနှင့်ကူညီထောက်ပံ့ပေးရန်အတွက် တရနာကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီထံ ဖြတ်သန်းခွင့်တောင်းခံနေရသည်ဟုလည်း မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“စစ်တပ်တွေက သူတို့ကိုဘယ်သူ့ဆီခွင့်တောင်းရမယ်၊ ဘာညာဆိုပြီးပြောလာတာရှိတယ်။ အဖွဲ့အနေနဲ့သွားရင် လည်း ပစ္စည်းတွေကြတော့ ကုန်သည်တွေသွားနေတဲ့ကြကားတွေ အဲ့လိုတွေကသွားလို့ရတယ်။ စားနပ်ရိက္ခာက တော့ ဒီဘက် တရနာ၊ ခရုံဂူမှာဆို စစ်တပ်ရှိတယ်၊ ကမ်းနီဘက်မှာဆိုရင် တော်လှန်ရေးအဖွဲ့ရှိတယ်။ သယ်သွား သယ်လာလို့ မပြေဘူး၊ စစ်ဆေးတွေများတယ်။ ဆန်တွေပစ္စည်းတွေ များများဆိုမရဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကျုံဒိုး- ကော့ကရိတ်တခွင် တိုက်ပွဲများဆက်ရှိနေပြီး၊ စစ်ကောင်စီဘက်က မြေပြင် ကြည်းတပ်အင်အား နည်းပါးသော်လည်း ကင်းထောက်ဒရုန်းများကိုအသုံးပြုပြီး လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းနှင့် စစ်ဆင်ရေးလုပ်နေမှု များပြားနေဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသတွင်းရှိကျေးရွာ ၄၀ ခန့်မှ ထောင်နှင့်ချီသည့်ဒေသခံများသည် မော်လမြိုင်၊ ဘားအံ၊ မြဝတီမြို့ဘက်သို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။
တဖက်တွင်လည်း နေ့စဉ်စစ်ရေးတင်းမာနေသည့် ကော့ကရိတ်-ကျုံဒိုးဒေသတွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီး စာသင်ကျောင်းများပြန်ဖွင့်ရန် ဖိအားပေးပြောဆိုမှုတို့ရှိနေကြောင်း ကျုံးဒိုးဒေသခံတို့ပြောပြချက်အရ သိရသည်။
IMNA ပေးပို့သည်။