ကရင်ပြည် ကော့ကရိတ်မြို့နယ်အတွင်း ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးများအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့သည်။
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် ပိုင်ရပ်ကျေးရွာအုပ်စု ကညင်ကတိုက်ကျေးရွာရှိ ကလေးများစာသင်နေသည့် နေအိမ်အနီးဝန်းကျင်အား စစ်ကောင်စီက လေကြောင်းနှင့်ဗုံးကြဲခဲ့သောကြောင့် ကလေး ၃ ဦးအပါအဝင် လူကြီးတစ်ဦးက နေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “မနေ့က သေတာက ကလေး ၃ ယောက်၊ လူကြီးအမျိုးသားတစ်ယောက် သေတယ်။ သူတို့က အဲ့ဒီနေရာမှာတင်သေသွားတာ။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့နေတုန်း ဆရာမတစ်ယောက် ထပ်သေတယ်။ ဒီနေ့မနက်မှာ တစ်ယောက်ထပ်သေတယ်။ ဆိုတော့ အခုက သေဆုံးက ၆ ဦး ဖြစ်သွားပြီ” ဟု ပြောသည်။
လေကြောင်းနှင့်ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသူ ၁၁ ဦးအနက် ၂ ဦးမှာ ထပ်မံသေဆုံးသွားပြီး ကျန် ၉ ဦးမှာ မော်လမြိုင်ဆေးရုံ၌ ဆေးကုသမှု ဆက်လက်ခံယူနေရသည်ဟု ဆိုသည်။ ဗုံးကျရောက်ပေါက်ကွဲသော နေအိမ်မှာ ကိုယ်ထူကိုယ်ထ ကျောင်းပုံစံမျိုးဖြင့် ကလေးများအား စာသင်ကြားပေးနေခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါနေရာ၌ တိုက်ပွဲများ တစုံတရာဖြစ်ပွားနေခြင်းမျိုးလည်း မရှိဘူးဟု ဒေသခံများက ပြောဆိုသည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် ပိုင်ရပ်ကျေးရွာအုပ်စုထဲက ကညင်ကတိုက်ကျေးရွာသည် ကရင်ပြည်နှင့် မွန်ပြည်အစပ် ကရင်ပြည်ဘက်ခြမ်းထဲတွင်ရှိသည့် ကျေးရွာဖြစ်သည်။
စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက “ကော့ကရိတ်မှာက တိုက်ပွဲဖြစ်တဲ့နေရာကလည်း ဖြစ်တာပဲ၊ မဖြစ်တဲ့နေရာတွေကလည်း လက်နက်ကြီးရော၊ ဒီလေယာဉ်ရော ဒရုန်းရော ကြောက်နေရတာ။ ကလေးတွေအတွက် စိုးရိမ်လို့ ကျောင်းမှာစာမသင်ဘဲ အိမ်မှာသင်နေကြတာ။ အခု အိမ်မှာသင်နေတုန်း ဒီလိုမျိုးထပ်ဖြစ်တော့ အားလုံး ကြောက်လန့်နေပြီ” ဟု ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသောကြောင့် ကျောင်သားကလေးများမှာ ကျောင်းမတက်ရဲကြဘဲ အများစုမှာ နေအိမ်များ၌ ကလေးများကိုခေါ်၍ စာသင်ပေးနေကြခြင်းဖြစ်သည်။
ကညင်ကတိုက်ကျေးရွာထဲသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျုံဒိုး၊ အုန်းတစ်ပင်၊ အင်းကြီးကျေးရွာများဘက်သို့လည်း လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
NMG ပေးပို့သည်။