ကော့ကရိတ်တွင် လက်နက်ကြီးကျပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိ

0
279

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၈၅ အရွယ် အဘွားအိုတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၉၇) ခြေလျင်တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ၂ ရက်နေ့ နံနက်အစောပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း လက်နက်ကြီးကျည်တစ်လုံး ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်ရှိ အသက် ၈၅ အရွယ် ဒေါ်ငွေသန်း နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်တွင်ရှိနေသည့် ဒေါ်ငွေသန်းနှင့် သမီးဖြစ်သူ အသက် ၄၀ နှစ်အရွယ် ဒေါ်အေးရီတို့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

“လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားရတာ၊ ပြီးတော့မှ အဘွားဒေါ်ငွေသန်းတို့နေအိမ် ထိတယ်လို့ သိရပါတယ်။ နှစ်ယောက်လုံးကိုတော့ ကော့ကရိတ်ဆေးရုံ ပို့ထားတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူများ နေအိမ်အတွင်း ပုန်းအောင်နေခဲ့ရပြီး တိုက်ပွဲငြိမ်သက်သွားသည့် ညနေ ၄ နာရီခန့်မှသာ လှုပ်ရှားသွားလာမှုရှိကြောင်း ကော့ကရိတ်ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို ဒေသခံပြည်သူတို့အကြား စိုးရိမ်ပူပန်နေကြသည်ဟု ပြောဆိုကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာအထက်တန်းခွဲအရှေ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိခဲ့သေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here