ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU ဖားအံခရိုင်၊ နဘူးမြို့နယ်၊ နောင်တပွဲရွာအတွင်းကို စစ်ဘေးတိမ်းရှောင် လာရောက်နေထိုင်ကြသည့် ကော့ကရိတ် စစ်ဘေးရှောင်များမှာ လက်ရှိနေထိုင်ရာမှ ထပ်မံပြောင်းရွှေ့ရမည်ကို စိုးရိမ်ပူပန်နေကြောင်း ပြောဆိုကြသည်။
ကော့ကရိတ်စစ်ဘေးရှောင်များအား KNU ၏ မြို့နယ်တာဝန်ရှိသူများက ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် အစည်းအဝေး ခေါ်ယူ၍ ၎င်းတို့စီစဥ်ပေးသည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် ပြောဆိုသွားသည့်အပေါ် နောင်တပွဲရွာသို့ ရောက်ရှိနေသော စစ်ဘေးရှောင်များက မိမိတို့လုံခြုံရေးနှင့် ကလေးများ ပညာရေးအတွက် KNU က စီစဥ်ပေးသည့်နေရာသို့ ပြောင်းရွှေ့နေထိုင်ရန် စိုးရိမ်ပူပန်ကြခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောပါသည်။
ယခုရွှေ့ပြောင်းရမည့်နေရာတွင် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအပါဝင် ဆေးဝါးနှင့်ရိက္ခာထောက်ပံ့မှု အပိုင်းအထိ KNU က စီစဥ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး မိမိအစီအစဥ်အတိုင်း နေထိုင်လိုသော စစ်ဘေးရှောင်များမှာ ရိက္ခာရရှိနိုင်တော့မည်မဟုတ်ဟု တာဝန်ရှိသူတို့က ပြောဆိုကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့က အခုပြောင်းခိုင်းတဲ့နေရာကို တခါမှမရောက်ဖူးတော့ မသွားရဲဘူး။ လိုက်မနေချင်ရင် ကိုယ့်ရွာကိုယ်ပြန် ဒီရွာမှာပဲ နေမယ်ဆိုရင် ထောက်ပံ့ကြေး မရဘူး။ ရိက္ခာဝေတာ မရဘူး။ ကိုယ့်ဘာသာကိုယ် လုပ်စားရမယ်။ အဲ့လို သိရတယ်။ သူတို့ထားတဲ့နေရာက တောထဲမှာလည်းဖြစ်တယ်။ ကျမတို့မှာ ကလေးတွေရောသမီးပျိုတွေရော ပါတော့ နေလို့သွားလို့ အဆင်မပြေဘူး။ ကလေးတွေ ပညာရေးလည်း ရှိသေးတယ်” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ လကြာရှိလာသော ကော့ကရိတ်မြို့နယ်မှ ဒေသခံများသည် တမြို့နယ်လုံး အတိုင်းအတာဖြင့် စစ်ဘေးရှောင် နေရခြင်းဖြစ်ပြီး နောင်တပွဲရွာတွင်ပင် စစ်ရှောင်ဦးရေ ၈၀၀ ဝန်းကျင်ရှိကြောင်း စစ်ရှောင်ကူညီနေသူများ၏ စာရင်းကောက်ခံချက်အရ သိရသည်။
ထို့အပြင် နေရာရွှေ့ပြောင်းခိုင်းသည့် KNU မြို့နယ်တာဝန်ရှိသူများ၏ စီမံချက်သည် စစ်ရှောင်များအတွက် ရိက္ခာရရှိ ပေးဝေမှုအပိုင်းနှင့် ပတ်သက်နိုင်သလို အချို့စစ်ရှောင်များသည်လည်း မိမိတို့အစီအစဥ်ဖြင့်သာ နေထိုင်မည်ဟု ပြောဆိုနေကြောင်း နောင်တပွဲရွာမှ စစ်ရှောင်အရေးကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်တို့ မြင်တာကတော့ စားနပ်ရိက္ခာလာပေးတာ သူတို့ကိုအကြောင်းမကြားလို့ဆိုပြီးတော့ သူတို့ဆီ တင်ရမယ်၊ သူတို့ကနေ ပြန်ခွဲပေးမယ်ဆိုတာမျိုးပေါ့။ လှူတဲ့သူတွေ လာတဲ့ဟာကို သူတို့ဆီက အရင်ဝင် အဲ့လိုသဘော၊ ဘယ်သူမှတော့ ကိုယ့်အိမ်ပစ်ပြီး မသွားချင်ကြဘူးလေ။ စစ်ရှောင်တွေကတော့ တချို့ကတော့ ဒီမှာပဲနေမယ် မသွားဘူး၊ ဘာမှမပေးလည်း မရှိရှိတာနဲ့ စားမယ်ဆိုတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် KNU ၏ မြို့နယ်တာဝန်ရှိသူများအနေဖြင့် ပြန့်ကျဲနေထိုင်နေသည့် စစ်ဘေးရှောင်များကို ရိက္ခာပေးဝေ ရာတွင် အခက်အခဲများစွာ ရှိသောကြောင့် ယခုလို သတ်မှတ်နေရာထားရှိ၍ ပြောင်းရွှေ့နေထိုင်ကြရန် စီစဥ် ပေးခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကလေးများ ပညာရေးအတွက် အနီးကပ်တာဝန်ရှိသူများ အပါအဝင် KNU အနေဖြင့် ဝိုင်းဝန်းစဥ်းစားမည်ဖြစ်ကြောင်းလည်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
ပဒိုစောကလယ်စေးက “ကျေးရွာ၊ မြို့နယ် အုပ်ချုပ်ရေးခေါင်းဆောင်တွေကတော့ IDP နဲ့ ပတ်သက်လို့ ရိက္ခာပေးဝေဖို့ စစ်ရှောင်တွေက တအားကို ပြန့်ကျဲနေထိုင်တဲ့အပေါ်မှာ အခက်အခဲ နည်းနည်းရှိတယ်။ ရိက္ခာဝေပြီးနောက်ပိုင်း ပြန်လည်ရှာဖွေရတာ ခက်တယ်။ ပညာရေးအခက်အခဲ ဖြစ်လာတယ်ဆိုရင်လည်း တာဝန်ရှိတဲ့ ခေါင်းဆောင်တွေရော ကျနော်တို့အဖွဲ့အစည်းကရော ဝိုင်းစဉ်းစားရမှာ ဖြစ်တယ်” ဟု ပြောသည်။
ထို့အတူ မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်လိုသူများကို KNU အနေဖြင့် ပိတ်ပင်တားမြစ်၍ မရသော်လည်း လက်ရှိအခြေအနေအရ စစ်ဘေးရှောင်များအား ကောင်းမွန်စွာ ရိက္ခာပေးဝေနိုင်ရေးနှင့် ၎င်းတို့၏ လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိုင်ရန် အဓိကလိုအပ်ကြောင်း KNU ပြောခွင့်ရက ဆက်ပြောသည်။
ဌာနဆိုင်ရာနှင့် စစ်အုပ်ချုပ်ရေး ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသော စစ်ကောင်စီက ကော့ကရိတ်မြို့နေ ဒေသခံများအား နေရပ်ပြန်နေထိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသော်လည်း မြို့အပြင် ဘက်တွင်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှု နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
KIC ပေးပို့သည်။