ကော့ကရိတ်စစ်ဘေးရှောင်တချို့ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအခက်ခဲကြောင့် နေရပ်ပြန်လာနေသူများရှိနေ

0
212
Photo - KHRG

ကရင်ပြည်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် ၃ လကျော်ကြာ စစ်ဘေးရှောင်နေရသည့် ကော့ကရိတ်စစ်ဘေးရှောင်တချို့သည် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲကြောင့် ပြီးခဲ့သည့် မတ်လပထမအပတ်မှစ၍ နေရပ်သို့ ပြန်လာသူများရှိနေသည်ဟု ၎င်းတို့က ပြောဆိုသည်။

စစ်ဘေးရှောင် ဒေသခံတစ်ဦးက “ပိုက်ဆံမရှိတဲ့လူကြတော့ တခြားနေရာမှာ နေဖို့ထိုင်ဖို့ အဆင်မပြေကြဘူးလေ။ ဒီအတိုင်းပဲ ပြန်ကြတာပေါ့။ ကော့ကရိတ်အခြေအနေလည်း မကောင်းသေးဘူး။ မီးကလည်း ဟိုမှာလောင် ဒီမှာလောင်နေတုန်းပဲ။ ဒါပေမဲ့ ကိုယ်အိမ်ဆို စားဖို့သောက်ဖို့ နည်းနည်းအဆင်ပြေမလားပေါ့” ဟု ဆိုသည်။

နေရပ်သို့ ပြန်လာသူ စစ်ဘေးရှောင်များသည့် ကူညီထောက်ပံ့မှု တစုံတရာ မရရှိသည့်အပြင် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်သာ ဝမ်းရေးဖြေရှင်း နေရခြင်းကြောင့် ကော့ကရိတ်မြို့တွင် နယ်မြေ မလုံခြုံ သေးသော်လည်း မိမိနေရပ်သို့ ပြန်သည့်လမ်းကိုသာ ရွေးချယ်ကြရသည်ဟု ပြောပါသည်။

လက်ရှိ၌ ကော့ကရိတ်မြို့ အမှတ် (၅) ကွက်သစ်ရပ်ကွက်တွင် စစ်ဘေးရှောင် ၅၀ ဦးခန့်အထိ ပြန်လည်နေထိုင်ကြပြီး ကျန်ရပ်ကွက်တို့တွင်လည်း ပြန်လည်နေထိုင်သူများ ရှိလာကြောင်း သိရသည်။

ဒေသခံစစ်ဘေးရှောင်များသည် တိုက်ပွဲ စတင် ဖြစ်ပွားချိန်မှစပြီး မော်လမြိုင်၊ ဖားအံ၊ သာမည၊ ကျုံဒိုး၊ နဘူး၊ နှင့် မြဝတီမြို့တို့တွင် နေရာအနှံ့ သွားရောက်ခိုလှုံလျှက်ရှိကြကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် လက်နက်ကိုင်ပဋိပက္ခ တင်းမာမှု ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စည်းစိမ်ထက် အသက်အန္တရာယ် လုံခြုံရေးသာ အရေးကြီးခြင်းကြောင့် နေရပ်မပြန်ရန်လည်း ကော့ကရိတ်စစ်ဘေးရှောင် ကူညီနေသူတို့က အသိပေး ပြောဆိုထားသည်။

ထို့အပြင် ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီမှ လက်နက်ကြီးနှင့်ပစ်ခတ်မှု ဒရုန်းဖြင့် တိုက်ခိုက်မှုအပြင် နေအိမ် မီးလောင်မှု ဖောက်ထွင်းခံရမှုတို့သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့အထိ ဖြစ်ပွားနေသောကြောင့် နေရပ်မပြန်ရဲသူများလည်း ရှိနေဆဲဖြစ်ကြောင်း ဒေသခံစစ်ရှောင်တချို့က ပြောပါသည်။

“ဘာလို့ ကော့ကရိတ် မပြန်သေးလည်းဆိုတော့ အိမ်တောင် ရှိလား၊ မရှိလားတော့ မသိဘူး၊ အိမ်မီးလောင်တဲ့ အထဲမှာ ပါသွားတယ်လေ။ အခုလက်ရှိမှာ တိုက်ပွဲဖြစ်နေတာ ဘယ်သူမှ မပြန်ရဲဘူးလေ။ စိတ်မကောင်းတာက လွဲလို့ ဘာလုပ်လို့ ရမှာလဲ” ဟု မြဝတီတွင် စစ်ဘေးရှောင်နေသည့် ဦးမောင်ကြာက ဆိုသည်။

ကော့ကရိတ် စစ်ဘေးရှောင်တို့ကို ယခင်က ကရင်စစ်ဘေးရှောင် ကူညီရေးအဖွဲ့များဖြစ်သည့် ပြည်တွင်းဌာနေ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (CIDKP) နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်လူငယ်အစည်းအရုံး (KYO) တို့ ဦးဆောင်ပြီး တနိုင်တပိုင်အလှူရှင်များ၊ ပြည်တွင်း/ပြည်ပ စစ်ရှောင်အကူအညီပေးဝေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here