စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီတပ်ဘက်က အလံဖြူပြ လက်နက်ချခဲ့သည်ဟု ကောလင်း ပကဖကပြောပြီး၊ ကောလင်းမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာချက် ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ခရိုင်မြို့ကြီးဖြစ်သော ကောလင်းမြို့နယ်၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်ကစတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူထောင်ပြီး အညံ့ခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်က ဆက်ပြီး မခုခံနိုင်တော့သည့်အဆုံးတွင် အလံဖြူပြ လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု ကောလင်း ပကဖတာဝန်ရှိသူက ယခုကဲ့သို့ ပြောပါသည်။
“အခု အဲ့ဒီမှာရှိတဲ့ အကြမ်းဖက် စစ်ခွေးတွေကို ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တချို့လည်း ဝန်းသိုမြို့နယ်ဘက်ကို ထွက်ပြေးသွားကြတယ်လို့ သတင်းရထားလို့ ဝန်းသိုမြိုမှာလည်း ပိတ်ဆို့ဖမ်းဆီးနေတာတွေလည်း ရှိပါတယ်” ၎င်းက ဆိုသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ကောလင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာထားသည်။
ယခု ရက်ပိုင်းတိုက်ပွဲများအတွင်း ပထမဦးဆုံး ခရိုင်မြို့ကြီးတစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
တပြိုင်နက်တည်းတွင်လည်း မြို့အတွင်း၌ ပိတ်မိနေသော ပြည်သူများကိုပါ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းအဖွဲ့များက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေရသည်ဟု ကောလင်း ပကဖတာဝန်ရှိသူက ဆက်ပြောသည်။
“အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေပြီးတော့ ရန်ပြုတိုက်ခိုက်လာမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးကင်းရာကို ရွှေ့ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းအဖွဲ့များက ကောလင်းမြို့ကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် ၁ နာရီ အချိန်မှ စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကောလင်းရဲစခန်း၊ အခြေခံပညာ အထက်တန်းကျောင်း၊ မြေစာရင်းရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၆ ရက်နေ့) တွင် စစ်ကောင်စီတပ် နောက်ဆုံးခြေကုပ်ယူထားသည့် ကောလင်း အထွေထွေအုပ်ချုပ်ရေးရုံးကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာလ ၅ ရက်နေ့က တိုက်ခိုက်မှုအတွင်း လက်နက်မျိုးစုံ ၅၄ လက်နှင့် အခြားဆက်စပ်ခဲယမ်းပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကောလင်း ပကဖတာဝန်ရှိသူက ဆိုသည်။
လူဦးရေ နှစ်သောင်းခွဲကျော် နေထိုင်သော ကောလင်းမြို့က တိုက်ပွဲများတွင် နိုဝင်ဘာလ ၅ ရက်နေ့ အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသော်လည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ၍ စာရင်း အတိအကျကို မသိရှိရသေးပါ။
ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က အတည်ပြု ထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။