ကုန်စျေးနှုန်းအဆမတန်မြင့်တက်လို့ ဟုမ္မလင်းမြို့နယ်အတွင်းကရွှေတူးဖော်မှုလုပ်ငန်းတချို့ ရပ်နားလာရ

0
257
ပုံစာ - ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေတူးဖော်မှုလုပ်ကွက်တခု။

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ရွှေတူးဖော်မှုလုပ်ငန်းတချို့ ရပ်နားရမှုများ ရှိလာနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွေး ၇၀၊ ၈၀ လောက်ရရင်ကိုမှ မလုပ်တော့ဘူး၊ ဘယ်လောက်မှ နေရာကောင်းကောင်း ရွေး ၁၀၀ လောက် ၂၀၀ လောက် ရတဲ့ဟာတွေပဲ လုပ်နိုင်တော့တာ၊ တချို့ကလည်း နားကုန်ပြီ၊ တစ်ချို့ကလည်း ပြောင်းကုန်ပြီ။ အလုပ်သမားခတွေကိုတော့ တက်ပါတယ်၊ တက်ပေးကြပါတယ်” ဟု ဟုမ္မလင်းမြို့နယ် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် နှစ်စဉ်မိုးရာသီမှာ ကုန်ဈေးနှုန်း မြင့်မားလေ့ ရှိသော်လည်း ယခုနှစ်သည် အဆိုးရွားဆုံးသော အခြေအနေတရပ်နှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်သည် ကုန်ထုတ်လုပ်ငန်းများထက် သယံဇာတတူးဖော်မှုအပေါ် ပိုမိုမှီခိုလုပ်ကိုင်မှု များလာခြင်း ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလည်း မြင့်တက်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

“ဒီမှာက ရွှေပဲလုပ်ကြတာလေ၊ သူသူကိုယ်ကိုယ် အားလုံးနီးပါးပေါ့လေး၊ စားသောက်ကုန်မှာဆို ကြက်ဥ ၊ ကွမ်းရွက်၊ ဆန် ၊ ဆီဆား အစစအရာရာ အားလုံး အောက်ပိုင်းကနေ ဝယ်စားသယ်စား အားလုံးက သူများပြည်နယ် သူများတိုင်း၊ သူများဒေသကနေပဲ သွားမီနေရတာလေ၊ သူတို့ဒေသ၊ နိုင်ငံရေးအခြေနေဘာညာ တစ်ခုခုဖြစ်တိုင်း ဒီကလူတွေပဲ လူးလိမ့်ခံရတာ” ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ဆိုသည်။

ကုန်စျေးနှုန်း အဆမတန်မြင့်တက်ရခြင်း အကြောင်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတလျောက် စစ်ရေး ပဋိပက္ခမှာ အဓိကကျနေပြီး လမ်းကြောင်းအတွင်း ပိတ်ဆို့ဖြတ်တောက်ခြင်း၊ အခွန်အကောက် များပြားခြင်း ကလည်း အဓိကကျသည့် အကြောင်းရင်းတရပ် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် မန္တလေး-ဟုမ္မလင်း ကားလမ်းကို အသုံးပြုနိုင်ခြင်း မရှိ‌သေးပဲ မုံရွာမှ သင်္ဘောများဖြင့်သာ ရံဖန်ရံခါ ထွက်နိုင်ပြီး ၊ မန္တလေး-မုံရွာ-ဟုမ္မလင်း လေကြောင်းလမ်းမှာလည်း လူစီးခရီးသည်များကိုသာ အဓိက တင်ဆောင် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here