ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ သေဆုံးမှုရှိနေ

0
280

ကရင်နီပြည်နယ်က စစ်မက်ဖြစ်ပွားရာဒေသများတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မွေးကင်းစကလေးများနှင့် မိခင်များအပြင် ကလေးငယ်များသည် ဆေးဝါး မလုံလောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်ခံရမှု မရှိတာတွေကြောင့် သေဆုံးနေကြတယ်လို့ ကယန်းအမျိုးသမီး အစည်းအရုံး (KyWO) တွဲဖက်အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောသည်။

“အာဏာသိမ်းပြီးနောက်မှာ ဒီလိုစောင့်ရှောက်ဖို့အတွက်ကလည်း အဲလောက်ထိ ရှိမနေဘူး။ ကလေးနဲ့ မိခင်အတွက် အာဟာရဖြစ်စေတဲ့ ကျန်းမာစေတဲ့ဆေးဝါးက လုံလုံလောက်လောက် မရှိဘူး။ ပြီးတော့ တစ်နေရာနဲ့တစ်နေရာ ရွေ့ပြောင်းပြီး ပြေးလွှားနေရတဲ့ အနေအထားမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ကလေးပျက်ကျတာများသလို ကလေးတွေ ဗိုက်ထဲမှာ သေဆုံးတာလည်း ရှိသလို ကလေးလမစေ့ဘဲနဲ့ မွေးဖွားပြီးတော့ ကလေးသေဆုံးတာ၊ ကလေးမွေးဖွားပြီးတော့မှ မိခင်သေဆုံးမှု ကလည်း အများကြီး ရှိတယ်ပေါ့” လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) မှ တွဲဖက် အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောသည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဆေးရုံ၊ ဆေးခန်းများ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားလိုက်ရသည့်အပြင် စစ်ရှောင်စခန်းနှင့် ကျေးလက် ဒေသတွေများတွင် ဖွင့်လှစ်သည့်ဆေးခန်းသည်လည်း ဆေးဝါးလုံလောက်မှု မရှိကြောင်း ကယန်း အမျိုးသမီး အစည်းအရုံးက ပြောသည်။

ယင်းအပြင် ကလေးနှင့် မိခင်များအတွက် အာဟာရဖြစ်စေမည့် ဖြည့်စွက်စာများကို လုံလုံလောက်လောက် မပေးနိုင်ခြင်းက အခက်အခဲတစ်ခု ဖြစ်လာသည်ဟု မူအန်းဂျလာက ဆက်ပြောသည်။

အာဏာသိမ်းအပြီး ၂ နှစ် အတွင်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆေးရုံ၊ဆေးခန်းမရှိသည့် ကျေးရွာများက အသက်၂ နှစ်အောက် ကလေးငယ် ၈ ဦး သည် ဆေးကုသမှု မရရှိသည့်အပြင် ၊ အချိန်မီ ဆေးကုသမှု မပေးနိုင်ခဲ့သည့်အတွက် သေဆုံးမှု ဖြစ်စဉ်တွေရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ မမေရီက အခုလို ပြောဆိုသည်။

“ကလေးက ဝမ်းလျော၊ အန်တယ်ပေါ့နော်။ ကလေး နောက်တစ်ရက်နှစ်ရက် မသက်သာမှပဲ ဆေးသွားကုမယ်ပေါ့။ နောက်ရက်သွားတဲ့ အချိန်မှာ သူ့ကလေးက ဆေးရုံရောက်တဲ့ အချိန်မှာ မမီတော့ဘူး ဆုံးသွားတယ်” လို့ သေဆုံးသွားသည့် ကလေးငယ်တစ်ဦးရဲ့ ဖြစ်စဉ်ကို မမေရီက ပြောပြသည်။

တဖက်တွင်လည်း ဆေးကုသခွင့် မရရှိတာကြောင့် သေဆုံးသွားသည့် ကလေးနှင့် မိခင်တွေရဲ့စာရင်းကို အတိအကျ မသိနိုင်သော်လည်း ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှ ဧပြီလအထိ ကရင်နီပြည်တွင် အမျိုးသမီး ကိုယ်ဝန်ပျက်ကျမှု၊ ကလေးမီးဖွားစဉ်အတွင်း ကလေး သို့မဟုတ် မိခင်သေဆုံးမှု၊ လမစေ့ဘဲ ကလေး မွေးဖွားခြင်း စသည့် ဖြစ်ရပ် ၅ ခုထက်မနည်း ရှိခဲ့သည်ဟု KyWO က ဧပြီလ ၃၀ ရက်က ထုတ်ပြန်သည်။

သို့သော် မြေပြင်တွင် လက်လှမ်းမမီသည့် နေရာများရှိသည့်အတွက် အဆိုပါဖြစ်စဉ်များ ယင်းထက်မက ပိုများနိုင်ကြောင်း မူအန်းဂျလာက ပြောသည်။

ယင်းအပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အရပ်လက်သည်ဖြစ်သာ မွေးဖွားခဲ့ရပြီး လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့ကြကြောင်း မူအန်းဂျလာက ဆက်ပြောသည်။

“ဆေးခန်းနဲ့လက်လှမ်းမီတဲ့နေရာမှာ အချိန်မရွေး စကစ (စစ်ကောင်စီ) ဗုံးကျဲမှုတွေ လေကြောင်း တိုက်ခိုက်မှုတွေက အချိန်မရွေး လုပ်နိုင်တဲ့အပေါ်မှာလည်း စိုးရိမ်ကြောက်ကြမှုအပြည့်နဲ့ ရင်တထိတ်ထိတ်နဲ့ပဲ ကလေးမွေးဖွားတာတွေ လုပ်နေရတယ်ပေါ့နော်။ ကြောက်စိတ်၊ စိတ်လုံခြုံမှု မရှိတဲ့အကြောင်းကလည်း မိခင်ရဲ့ စိတ်ကိုထိခိုက်သလို ကလေးတွေလည်း ဗိုက်ထဲသေဆုံးတာလည်း များသလို မွေးဖွားလည်း အသေနဲ့မွေးဖွားတာတွေ ကလေးပျက်ကျမှုတွေက ဒီအကြောင်းအရာတွေကြောင့် ဖြစ်စဉ်တွေက ပိုပြီး ဖြစ်လာတယ်” လို့ မူအန်းဂျလာက ပြောသည်။

မိခင်နှင့်ကလေး သေဆုံးမှုများတွင် အထူးသဖြင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ ဖရူဆိုမြို့၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့များက ဖြစ်ကြပြီး၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်း တိုက်ပွဲတွေကြောင့် စစ်ဖြစ်ပွားရာ ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် လက်လှမ်းမမှီသလို ဆေးဝါးလိုအပ်ချက်လည်း ရှိနေကြောင်း သိရသည်။

၂၀၂၃ ဇန်နဝါရီလအတွင်းက ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန် ၇ လဖြင့် သေဆုံးလျက် ကလေးမွေးဖွားခဲ့ပြီး ကလေးတွင်လည်း ကိုယ်လက်အင်္ဂါ ပြည့်စုံမှုမရှိခဲ့ကြောင်းနှင့် ဖယ်ခုံမြို့ လယ်ထွန်ကျေးရွာရှိ အမျိုးသမီးတစ်ဦသည်လည်း ဖေဖော်ဝါရီလ ၂၆ ရက်က ကိုယ်ဝန် ၇ လ ရှိချိန်တွင် ကလေးပျက်ကျခဲ့သည်။

အလားတူ မတ်လ ၂၆ ရက်က နန်းပေါ်လုံကျေးရွာခံ အမျိုးသမီးတစ်ဦးဟာ ကလေးမွေးဖွားခဲ့ပြီးနောက် သေဆုံးခဲ့ရပါတယ်။ မတ်လအတွင်းကလည်း ဖယ်ခုံမြို့က အမျိုးသမီးတစ်ဦးသည် အမွှာကိုယ်ဝန် ၇ လ ဖြင့် ကလေးအသေ မွေးဖွားခဲ့တယ်လို့ KyWO သတင်းအချက်အလက်တွင် ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း(မ်)- သတင်းပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here