ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဦးတည်တက်လာတဲ့ စစ်သင်္ဘော ၆ စီးက စစ်ကောင်စီတပ်ဖွဲ့ဟာ ကသာမြို့၊ တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံအရပ်သား ၈ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရသည်။
စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော ၆ စီးမှာ ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ခုကိုပါ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောသည်။
“ကာကွယ်ရေးတပ်တွေ ဆုတ်သွားတဲ့အချိန်ကျတော့ တုတ်ကြီးရွာထဲကိုဝင်ပြီး ရွာသားတွေကို ပစ်သတ်တယ်၊ ရွာကို မီးရှို့တယ်။ လက်ရှိ ရုပ်အလောင်းမျက်မြင်က ၄ လောင်း၊ မီးရှို့ထားတာက၂ လောင်း ဘယ်သူမှန်းတောင် ပုံဖော်လို့ မရတော့ဘူး။ ပုံမပျက်ဘဲ သေနတ်နဲ့ပစ်သတ် ရိုက်သတ်တာက ၂ လောင်းပေါ့”လို့ ၎င်းက ပြောသည်။
သတ်ဖြတ်ခံခဲ့ရသည့် အရပ်သား ၈ ယောက်ထဲက နှစ်ယောက်မှာ သံပုရာကုန်းရွာသစ်က အသက်၂၉ နှစ် အရွယ် ကိုရဲမောင်မောင် ၊ သံပုရာကုန်းရွာဟောင်းက အသက် ၃၇ နှစ် အရွယ် ကိုဉာဏ်ထွန်းတို့ ဖြစ်ပြီး ကျန်ရုပ်အလောင်း တွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်က အခုကဲ့သို တုတ်ကြီးကျေးရွာကို မစီးနင်းခင်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ရေကြောင်း အတိုင်း တက်လာတဲ့ အဲဒီစစ်သင်္ဘောတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မြေပြင်မှာလည်း နှစ်ဖက်တပ် အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံများထံက သိရသည်။
အဲ့ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မနေ့က မနက် ၇ နာရီလောက်မှာ ကသာ ကနေ ဆန်တက်ခဲ့တာ၊ အဲ့တာကို သတင်းရတော့ ကျနော်တို့လည်း တုတ်ကြီးရွာနားကနေ နေရာယူထားတာ၊ အဲ့မှာ သူတို့ကအရင်ပစ်တာ ခေါင်းမဖော်နိုင်အောင်ကို ပစ်တာ၊ ကျနော်တို့လည်း ပြန်ပစ်တယ်။ သူတို့လည်း တော်တော် ထိသွားတယ်။ မြေပြင်မှာကလည်း အနီးကပ်တိုက်ပွဲ ဖြစ်ခဲ့တယ်။ ပုံမှန်ဆိုရင် ရေကြောင်းတွေက ပြန်ဆန်တက်သွားပေမဲ့ အခုကတော့ တခါမှမလုပ်ဘူးတဲ့ အလုပ်လုပ်သွားတာ” လို့ ပြောသည်။
အဲ့ဒီ စစ်သင်္ဘောတွေဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ ဧရာဝတီမြစ် အထက်ဘက်ကို ဆက်ပြီးဆန်တက်နေပြီး ရွှေကူ အမှတ် ၂ ရွာသစ် မြစ်ကမ်းနံဘေးမှာ ကပ်ထားတဲ့ ရွှေမော်တော်ယာဉ် အပါအဝင် စစ်ဘေးရှောင် ပြည်သူတွေရဲ့ စက်လှေတွေကိုလည်း မီးရှို့သွားကြောင်း သိရသည်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီ စစ်အင်အား ၃၀၀ ခန့်၊ လက်နက် ခဲယမ်းများနှင့် ရိက္ခာတွေ တင်လာသည့် စစ်သင်္ဘော ၉ စီးသည် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်း အတိုင်း ဗန်းမော်မြို့ဘက်ကို ဆန်တက်ခဲ့သည်ဟု ဆိုသည်၊
အဲ့ဒီစစ်သင်္ဘော ၉ စီးသည် ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်၌ မန္တလေးဘက်ကို ပြန်လည် ဆိုက်ကပ်ခဲ့ပြီး ၁၀ ရက်လောက် အကြာမှာပင် အခုလို စစ်သင်္ဘော ၆ စီးက အထက်ဘက်ကို ပြန်ဆန်တက်နေပြီး ကချင်ပြည်နယ် ဗန်းမော်ဘက်ကို တက်ဖို့ ဦးတည်နေတာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ပြောဆိုသည်။
KNG ပေးပို့သည်။