ကလေး- ဖလမ်းလမ်းမပေါ်က ဗာရ်းစစ်စခန်းကို စစ်ကောင်စီတပ်စွန့်ခွာ

0
330
ပုံစာ - ဗာရ်းစစ်စခန်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကလေး- ဖလမ်း လမ်းမပေါ်က အထိုင်စခန်းတစ်ခုဖြစ်သည့် ဗာရ်းစစ်စခန်းကို နိုဝင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်က စခန်းပြန်လည်ရုတ်သိမ်းလိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းချင်းငိုင်က ပြောသည်။

“သူတို့ ဒီနေ့ ဆုတ်သွားကြတယ်။ သူတို့ ဖလမ်းမြို့ပေါ်က တပ်နဲ့ ပေါင်းလိုက်တယ်။ ဒီလို တပ်ဆုပ်သွားတာက သူတို့ လန့်လာတယ်နဲ့ တူတယ်။ ဟိုနေ့ကလည်း CNA က ရိ (ရိခေါဒါရ်) ကို သိမ်းတယ်။ ကျနော်တို့ကလည်း ဒီနေ့ တပ်စခန်းတခုကို သိမ်းတယ်ဆိုတော့ သူတို့မှာ အင်အားလည်း မရှိတော့တဲ့ပုံပဲ၊ မြို့ပေါ်ကို တက်သိမ်းမှာစိုးလို့ လူအင်အားစုတဲ့ ပုံစံလည်း ဖြစ်နိုင်တယ်Ó ဟု ဆလိုင်းချင်းငိုင်က ပြောသည်။

ဖလမ်းမြို့နှင့် ၅ မိုင်ခန့်အကွာမှာ တည်ရှိသည့် ဗာရ်းစစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင် စခန်းကို စွန့်ခွာသွားကြပြီး ဖလမ်းမြို့အခြေစိုက် ခလရ – ၂၆၈ တပ်ရင်းနှင့် ပူးပေါင်းသွား ကြသည်ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည် ဧပြီလ ၁၀ ရက် ဗါရ်းစစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးပြီး တပ်သား ၁၄ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်းကလည်း ရိခေါဒါရ်မြို့နှင့် ဖလမ်းမြို့ကြားမှ သီးဘွာလ်စစ်စခန်းကို CNDF တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး ယင်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီတပ်သားတချို့ သေဆုံးပြီး တပ်သားအားလုံးနီးပါး တိုက်ပွဲအတွင်း စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု CNDF ပြောရေးဆိုခွင့် ရှိသူများက ပြောသည်။

အိန္ဒိယ- မြန်မာ နယ်စပ်က စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး (CNA/CNF) ဦးဆောင်သည့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၃ ရက်က စတင်၍ သိမ်းပိုက်ထိန်းချုပ်ထားသည်။

မြန်မာနိုင်ငံအနှံ့ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ရခိုင်နှင့် စစ်ကိုင်းတို့တွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်နေပြီး နှစ်ပတ်ခန့်အကြာတွင် ချင်းပြည်နယ်တွင်လည်း မြို့သိမ်းတိုက်ပွဲ စတင် လာနေပြီဟု ချင်းအမျိုးသားတပ်ဦး (CNA/CNF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here