CDF-KKG Major Operation အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့သော ကလေးနှင့် ဂန့်ဂေါ အကြားရှိ စစ်ကောင်စီအခြေစိုက်စခန်း ၄ ခုကို ၂ လတာအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-KKG က ဧပြီ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါစစ်ဆင်ရေးအတွက် စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၄ ခုနှစ်အတွင်း စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖော်ဆောင်ခဲ့ကာ ကလေး-ဂန်ဂေါအကြား စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်ကြသော ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဟု CDF-KKG က ပြောဆိုသည်။
CDF-KKG Major Operation စစ်ဆင်ရေးတစ်ခုလုံးကို ချင်းအမျိုးသားတပ်မတော် (CNA) က စစ်ရေးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း CDF-KKG ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်းကောင်း၊ မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကို ဖေဖော်ဝါရီ ၁၅ မတိုင်မီတွင်လည်းကောင်း၊ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာရွာကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကလေးနှင့် ဂန့်ဂေါအကြားရှိ တိုက်ပွဲအတွင်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်မှု စုစုပေါင်း ၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်မြေပြင်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများသို့ ဂျက်ဖိုက်တာအပါအဝင် Y12၊ Y8 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု CDF-KKG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၄၀ ကျော် ဒါဏ်ရာရရှိခဲ့ကြောင်း CDF-KKG ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် လေကြောင်းဗုံးကျဲခံရမှုကြောင့် ပြည်သူပိုင်ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦးများနှင့် ပြည်သူ့ နေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာကျော်မှ ပြည်သူပေါင်း ၂၀,၀၀၀ ဝန်းကျင်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ရကာ ထက်ဝက်ကျော်မှာ ယခုအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။
CDF-KKG Major Operation အတွင်း အသက်ပေးဆပ်သွားခဲ့ကြသည့် CDF-KKG နှင့် မဟာမိတ်အဖွဲ့အစည်း အသီးသီးမှ အာဇာနည်ရဲဘော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့် ရဲဘော်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ရဲဘော်များကို ဂုဏ်ပြုအောက်မေ့ပါကြောင်းနှင့် အောင်ပွဲရရှိသည်အထိ အစွမ်းကုန်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်မှုတို့ကို လေးစားဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ထားသည်။
CDF-KKG Major Operation ကို ချင်းအမျိုးသားတပ်မတော် CNA ၊ CDF-Hakha ၊ CDF-Thangtlang ၊ CDF CDM – Siyin ၊ ABSDF ၊ ယောဒေသ လွတ်မြောက်ရေးတပ်ပေါင်းစု၊ CDF – Senthang ၊ နဂါးညီနောင်၊ ဟံသာဝတီ ပကဖ၊ MCR ၊ PDF Vakok ၊ RKDF စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကလေး-ဂန့်ဂေါ အကြား ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာများကိုလည်း မကြာမီအတွင်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းတို့အခြေပြုလှုပ်ရှားရာဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီများကို မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Chinland Defense Force – Kalay Kabaw Gangaw ကလည်း အသိပေးထုတ်ပြန်ထားသည်။
KMG ပေးပို့သည်။