စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်တောင်ဘက် စက္ကန့်ကျေးရွာမှ မြေးအဖွားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့သည် စက္ကန့်ကျေးရွာထဲသို့ ဝင်ရောက်ပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးကာ ရွာထဲကနေ ထွက်ပြေးရန် ပြင်ဆင်နေသော မြေးအဖွားနှစ်ဦးကို ဖမ်းဆီး၍ သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် နီးစပ်သောသတင်းရင်းမြစ်ထံမှ သိရသည်။
သေဆုံးသွားသည့် မြေးအဖွား ၂ ဦးမှာ အသက် ၆၅ နှစ်အရွယ် ဒေါ် Neih Hnem နှင့် အသက် ၁၄ နှစ်အရွယ် Van Bawi Lian တို့ ဖြစ်ကြောင်း သိရပြီး စစ်ကောင်စီတပ်ဖွဲ့သည် မြေးအဖွားနှစ်ဦးကို သတ်ဖြတ်ပြီးနောက် နေအိမ် နှင့်အတူ မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် မသန်စွမ်းအမျိုးသားတစ်ဦး ရွာထဲ၌ကျန်ရစ်ပြီး ယခုချိန်ထိ ရှာမတွေ့ကြသေးဘဲ သေသလားရှင်သလား မသိရကြောင်း CNO UCR က ထုတ်ပြန်သည်။
ချင်းတောင်ခြေတွင် တည်ရှိသော စက္ကန့်ကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့် ရှိပြီး ချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာ ၇ ရက် မနက်ပိုင်းကတည်းက စက္ကန့်ကျေးရွာအတွင်းရှိ နေအိမ်များကို စတင် မီးရှို့ခဲ့ပြီး လူနေအိမ်ခြေ ၁၀၀ နီးပါးခန့် ပျက်စီးနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။
ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း စက္ကန့်ကျေးရွာမှ နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်။
KMG ပေးပို့သည်။